
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ ဖုမ်းကျိုင်းထိုင်းပါတီက မဲရလဒ်တွေမှာ ဦးဆောင်နေတာကြောင့် ပါတီခေါင်းဆောင် လက်ရှိ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက အောင်ပွဲခံကြောင်း ကြေညာလိုက်ပါတယ်။
မဲရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က တရားဝင် အတည်မပြုရသေးပေမဲ့ နေရာအများစုမှာ အနိုင်ရဖွယ်ရှိတယ်လို့ အနုထင်းက ပြောပါတယ်။
ဖုမ်းကျိုင်းထိုင်းပါတီကို ထောက်ခံမဲပေးခဲ့တဲ့ ထိုင်းပြည်သူတွေကို ကျေးဇူးတင်ကြောင်း အနုထင်းက ပြောကြားခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဘယ်ပါတီနဲ့ လက်တွဲမလဲ ဆိုတာကိုတော့ ပါတီရဲ့ အလုပ်အမှုဆောင်ကော်မတီနဲ့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်သွားမယ်လို့ သူကဆိုပါတယ်။
ပါတီ ၅၀ ကျော် ဝင်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီ၊ ဖုမ်းကျိုင်းထိုင်းပါတီနဲ့ ဖွေ့ထိုင်းပါတီ ၃ ခုသာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးရေး၊ လူကြိုက်များမှုတွေ ရှိခဲ့တာပါ။
ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပြင်းထန်တဲ့ နယ်စပ်ပဋိပက္ခကြားမှာ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ ဒီဇင်ဘာလလယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ခဲ့ပြီး ဒါဟာ အရှိန်မြင့်တက်လာတဲ့ အမျိုးသားရေးဝါဒကို အမြတ်ထုတ်ဖို့ ရှေးရိုးစွဲခေါင်းဆောင်က အချိန်ကိုက်လုပ်တာလို့ လေ့လာသုံးသပ်သူတွေက ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၅၃ သန်းရှိပြီး ဖေဖော်ဝါရီ ၁ ရက်မှာစတဲ့ ကြိုတင်မဲပေးကာလမှာတော့ မဲဆန္ဒရှင် ၂ ဒသမ ၂ သန်းကျော် မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
Source: Reuters











