DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်မြို့တော်ရှိ ရှီယိုက်ဗလီ၌အသေခံဗုံးခွဲမှုကြောင့် လူ ၃၀ ကျော် သေဆုံး၊ ၁၇၀ ခန့် ဒဏ်ရာရ
DVB
·
February 7, 2026
ပါကစ္စတန်မြို့တော်ရှိ ရှီယိုက်ဗလီ၌အသေခံဗုံးခွဲမှုကြောင့် လူ ၃၀ ကျော် သေဆုံး၊ ၁၇၀ ခန့် ဒဏ်ရာရ
Donate to DVB

ပါကစ္စတန်နိုင်ငံမြို့တော်၊ အစ္စလာမ္မာဘတ်မှာ ဖေဖော်ဝါရီ ၆ ရက်က ရှီယိုက်မွတ်စလင်ဗလီ တခုအတွင်း ဝတ်ပြုဆုတောင်းပွဲလုပ်နေချိန် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ အနည်းဆုံး လူ ၃၁ ယောက် သေဆုံးကာ ၁၇၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  နောက်တနေ့ ဖေဖော်ဝါရီ ၇ ရက်မနက်မှာ မြို့တော်တဝန်း လုံခြုံရေးတွေအမြင့်ဆုံးအဆင့် တိုးမြှင့်ချထားပါတယ်။

မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေတာကြောင့် ဒေသခံတွေဟာ သွားရေးလာရေးမှာ စစ်ဆေးမှုအဆင့်ဆင့်ကို ဖြတ်သန်းနေရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က အစ္စလာမာဘတ်မြို့ အပြင်ဘက်ပိုင်းရှိ ခါဒီဂျာ တူးလ်ကူဘရာ အီမမ်ဘာဂါ ဗလီမှာ သောကြာနေ့ ဆုတောင်းပွဲ ကျင်းပနေချိန်မှာ အသေခံဗုံးခွဲသမားဟာ ဗလီဂိတ်တံခါးက လုံခြုံရေးအစောင့်တွေကို သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အစောင့်တွေက သူ့ကိုတားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ဝတ်ပြုသူတွေရဲ့ နောက်ဆုံးတန်းအရောက်မှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဆုတောင်းပွဲ စတင်လိုက်ပြီး မကြာခင်မှာပဲ အရင်ဆုံး သေနတ်ပစ်သံတွေ ထွက်ပေါ်လာပြီး နောက်စက္ကန့်ပိုင်းလောက်မှာ အသေခံဗုံးပေါက်ကွဲသံကို ကြားခဲ့ရကြောင်း အသက်ရှင်ကျန်သူတွေက ပြောပါတယ်။

ဒဏ်ရာရသူ အများအပြားကို ဆေးရုံတွေဆီ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ အစ္စလာမာဘတ်မြို့ အကြီးဆုံး ပြည်သူ့ဆေးရုံမှာ မိသားစုဝင်တွေ၊ ဆွေမျိုးတွေဟာ သတင်းအချက်အလက်ရဖို့ စောင့်ဆိုင်းနေကြရသလို သွေးလှူဒါန်းဖို့ လာရောက်ကြသူတွေလည်း အများအပြား ရောက်ရှိ နေပါတယ်။

ဒီတိုက်ခိုက်မှုဟာ အစ္စလာမာဘတ်မြို့မှာ ၁၀ နှစ်ကျော်အတွင်း အပြင်းထန်ဆုံး အသေခံဗုံး တိုက်ခိုက်မှုဖြစ်ပြီး အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့က သူတို့ လက်ချက်ဖြစ်ကြောင်း သူတို့ရဲ့ တယ်လီဂရမ် ချန်နယ်ကတဆင့် ကြေညာထားပါတယ်။

စစ်သွေးကြွအဖွဲ့ဟာ သေနတ်သမားရဲ့ မျက်နှာကို ဖုံးအုပ်ထားပြီး မျက်လုံးတွေကို မှုန်ဝါးထားတဲ့ အမျိုးသားတယောက်ရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး တာလယ်လ်ချောင်ဒရီက အခုလို တိုက်ခိုက်ခံရတာဟာ လုံခြုံရေး ပျက်ကွက်မှုကြောင့် မဟုတ်ဘဲ၊ အကြမ်းဖက်မှုကို ရှေ့တန်းကနေ တိုက်ဖျက်နေတဲ့ ပါကစ္စတန်နိုင်ငံကို အားလျော့သွားအောင် တန်ပြန်တိုက်ခိုက်တာလို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ကတော့ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံက လက်ချက်ရှိနိုင်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပေမဲ့ အိန္ဒိယဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

ဒေသခံတွေကတော့ ဒီဖြစ်ရပ်အပေါ် အစိုးရရဲ့ လုံခြုံရေးပိုင်း အားနည်းချက်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဆွန်နီမူဆလင် အများစုဖြစ်တဲ့ ပါကစ္စတန်နိုင်ငံမှာ ရှီယိုက်မူဆလင်တွေဟာ  အရင်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို မကြာခဏ ကြုံတွေ့နေရတာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013