
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်က ဗိုလ်ကြီးတယောက်ရဲ့တပည့် ပျူစောထီး ၂ ယောက်ကို ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပျူစောထီး ရာဇာလင်း နဲ့ နောက်တယောက်ကို နယ်မြေ ပကဖ ရဲဘော်တွေနဲ့ Black Dragon Force က ရဲဘော်တွေပေါင်းပြီး ဂန့်ဂေါမြို့နယ်ထဲမှာ အရှင်ဖမ်းမိခဲ့တာပါ။ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဖမ်းမိတဲ့နေရာကို လျှို့ဝှက်ထားရတာပါဗျ” လို့ ပြောပါတယ်။
အဲဒီ ၂ ယောက်ဟာ ဂန့်ဂေါမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းကိုစုံစမ်းထောက်လှမ်းဖို့ ဂန့်ဂေါ ခလရ ၅၀ တပ်ထဲက ဗိုလ်ကြီးတယောက်က စေလွှတ်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် ပအဖ ရဲ့ တာဝန်ရှိသူတယောက်က “သူတို့ ၂ ယောက်က ဂန့်ဂေါ ခလရ ၅၀ တပ်ထဲက ဗိုလ်ကြီးသက်ပိုင်စိုး (ခေါ်) ဗိုလ်မုတ်ဆိတ် က ပြည်သူအသွင်ယူခိုင်းပြီးလွှတ်ထားတဲ့ တပည့်အရင်း ပျူစောထီးတွေပါ။ သတင်းရလို့ စောင့်ပြီးဖမ်းခဲ့တာမှာ အခုလို အရှင်ဖမ်းမိခဲ့တာလို့ သိရပါတယ်။ အဲဒီ ဗိုလ်ကြီးသက်ပိုင်စိုး ဆိုတာက ဂန့်ဂေါမြို့နယ်လုံခြုံရေးတာဝန်ခံပါ။ သူ့ဘက်ကနေ ကျနော်တို့ ထိန်းချုပ်စိုးမိုးတဲ့နယ်မြေထဲကို ပြည်သူယောင်ဆောင်အသွင်ယူခိုင်းပြီး တော်လှန်ရေးသတင်းတွေကို ထောက်လှမ်းဖို့လွှတ်ထားတဲ့ ပျူစောထီးတွေ နောက်ထပ်လည်းကျန်နေသေးတယ်လို့သိရတယ်” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကို ဖမ်းဆီးခဲ့တဲ့တပ်ဖွဲ့ဝင်တွေက ဆက်လက်ထိန်းသိမ်းစစ်ဆေးနေပြီး စစ်ဆေးပေါ်ပေါက်ချက်တွေအပေါ်မူတည်လို့ အရေးယူတာတွေ ဆက်လက်အရေးယူသွားမယ် လို့လည်း သူက ဆက်ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စုံစမ်းနေတဲ့ မသင်္ကာဖွယ်ရာလူပုဂ္ဂိုလ်တွေကိုတွေ့ရှိရင်လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို သတင်းပေးပို့ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။











