DVB Logo
Home
နိုင်ငံတကာ
ရုရှားစစ်ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ပစ်ခတ်ခံရ
DVB
·
February 7, 2026
ရုရှားစစ်ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ပစ်ခတ်ခံရ
Donate to DVB

ရုရှားစစ်ထောက်လှမ်းရေး (GRU) ရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဇီယက်ဗ်ဟာ ဖေဖော်ဝါရီ ၆ ရက်က မော်စကိုမှာ ပစ်ခတ်ခံရပြီးနောက် ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မော်စကိုအစိုးရရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်အရ မော်စကိုမြို့ အနောက်မြောက်ပိုင်းရှိ နေအိမ်အဆောက်အအုံတခုမှာ အလက်စီယက်ဗ်ဟာ နေအိမ်မှထွက်လာချိန်မှာ နောက်ကျောကနေ အမည်မသိ လက်နက်ကိုင်သူတယောက်ရဲ့ အကြိမ်ကြိမ် ပစ်ခတ်တာကို ခံခဲ့ရတာပါ။

ပစ်ခတ်သူမှာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့် ရုရှားအာဏာပိုင်တွေဟာ ပစ်ခတ်သူကို အပူတပြင်း ရှာဖွေနေကြပါတယ်။

အလက်စီယက်ဗ်ကို ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း သတင်းရင်းမြစ်တချို့က ဆိုပါတယ်။

အလက်ဆီယက်ဗ်ရဲ့ အခြေအနေကို လတ်တလော မသိရသေးပေမဲ့ ပစ်ခတ်မှုကနေ အသက်ရှင်ခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။

ဒုဗိုလ်ချုပ်ကြီး အလက်ဇီယက်ဗ်ဟာ ရုရှားစစ်တပ်မှာ အထူးဩဇာရှိသူတယောက် ဖြစ်ပြီး အရင်က ဝဂ္ဂနာ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ယက်ဗ်ဒနီ ပရီဂိုဇင် ပုန်ကန်ချိန်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။ 

ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ရုရှားစစ်ဘက် အဆင့်မြင့်အရာရှိတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေ ဆက်တိုက် ဖြစ်ပွားလာခဲ့ပြီး မော်စကိုအာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ယူကရိန်းကို  စွပ်စွဲ အပြစ်တင်ခဲ့ပါတယ်။

တချို့ကိစ္စတွေမှာတော့ ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးက တာဝန်ယူကြောင်း ထုတ်ပြန်ပါတယ်။

မကြာသေးခင်က ဒီဇင်ဘာ ၂၂ ရက်မှာ စစ်ဦးစီးချုပ်ရုံးရဲ့ တပ်မတော် လေ့ကျင့်ရေးဌာန အကြီးအကဲဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ဖန်နီလ် ဆာဗာရော့ဗ်ဟာ သူ့ရဲ့ကားအောက်မှာ ထောင်ထားတဲ့ ဗုံး ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက မော်စကိုမြို့တော်နဲ့ အနီးအနားဒေသတွေမှာ အလက်စီယက်ဗ်နဲ့ အဆင့်တူ ဗိုလ်ချုပ်ကြီးအဆင့်ရှိ အရာရှိ ၃ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် ရုရှားစစ်ဘက် အရေးပါသူတွေရဲ့ လုံခြုံရေးအကာအကွယ် အားနည်းမှုအပေါ် စစ်ရေးဘလော့ဂါတွေက မေးခွန်းထုတ်ဝေဖန်မှုတွေ မြင့်နေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013