
သမ္မတထရမ့်ပ်အစိုးရက လစာနဲ့ခွင့်ပေးထားတဲ့ ဝန်ထမ်း ၁,၀၄၂ ယောက်စလုံး မတ် ၂၃ ရက်ထက်နောက်မကျဘဲ လုပ်ငန်းခွင်ကို ပြန်ဝင်ရောက်ရမယ်လို့ ဝါရှင်တန်ဒီစီ၊ ဖက်ဒရယ်တရားသူကြီး ရွိက်စ်လမ်းဘတ်(သ်)က ဒေသစံတော်ချိန် မတ် ၁၇ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။
ဒီအမိန့်ဟာ အချိန် ၁ နှစ်လောက် လုပ်ငန်းခွင်ဝင်ရောက်ခွင့် တားမြစ်ခံထားရတဲ့ VOA ဝန်ထမ်းတွေအတွက် သတင်းကောင်းဖြစ်ပေမဲ့ ထရမ့်ပ် အစိုးရလက်အောက်ခံ VOA ရဲ့ မိခင်အဖွဲ့အစည်း ဂလိုဘယ်လ်မီဒီယာအစိုးရအေဂျင်စီ (USAGM) ဘက်က ဘယ်လို တုံ့ပြန်မယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဝန်ထမ်းတွေက မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ USAGM က ဆောင်ရွက်ခဲ့တဲ့ ဝန်ထမ်း လိုအပ်ချက်အနည်းဆုံး ပမာဏအထိ လျှော့ချရေးအစီအစဉ်အပါအဝင် ဆောင်ရွက်ချက်အားလုံးကို ပယ်ဖျက်တယ်လို့လည်း တရားရုံးအမိန့်စာမှာ ဖော်ပြပါတယ်။
VOA မြန်မာပိုင်း သတင်းတင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “မတ်လ ၂၃ ရက်နေ့ နောက်ဆုံးထားပြီးတော့ လုပ်ငန်းခွင်တွေမှာ ပြန်ပြီး ဝင်ရောက်လုပ်ကိုင်ဖို့ဆိုပြီးတော့ သူက အမိန့်ချမှတ်ထားတဲ့အတွက် ကျမတို့ VOA အသံလွှင့်လုပ်ငန်းတွေကို ပြန်ပြီးတော့ လုပ်ကိုင်နိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ သမ္မတထရမ့်ပ် အစိုးရဘက်ကနေပြီးတော့ တရားသူကြီး အမိန့်နဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ ကျမတို့ မသိရသေးဘူး။ အယူခံတင်မလား ဘယ်အထိ သွားမလဲဆိုတာ သေချာမသိသေးဘူး။ ကျမတို့ဘက်ကတော့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာရှိတဲ့ သန်းနဲ့ချီတဲ့ပရိသတ်တွေကို အသံလွှင့်လုပ်ငန်းတွေ ပြန်ပြီး တင်ဆက်နိုင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်၊ လွှတ်တော်ဘက်ကလည်း VOA နဲ့ပတ်သက်ပြီးတော့ ဘတ်ဂျက်ကို ချထားပေးမယ်၊ သတင်းကျင့်ဝတ်နဲ့အညီ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မှန်ကန်တိကျတဲ့သတင်းတွေကို ထုတ်လွှင့်နိုင်ဖို့ဆိုပြီးတော့ လွှတ်တော်က တာဝန်ပေးထားတယ်၊ အဲဒီအတွက်လည်း ဥပဒေပြဋ္ဌာန်းထားတယ်ဆိုတော့ ဒီတာဝန်တွေနဲ့အညီ VOA အသံလွှင့်လုပ်ငန်းတွေကို ထမ်းဆောင်နိုင်ဖို့အတွက် ကျမတို့မှာ အသင့်ဖြစ်နေပါတယ်လို့ ပြောနိုင်ပါတယ်”လို့ ပြောပါတယ်။
မတ် ၁၇ ရက် တရားရုံးအမိန့်စာမှာ ရပ်ဆိုင်းထားတဲ့ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ အမိန့်ပေးထားပေမဲ့ ရပ်စဲခံထားရတဲ့ ပြင်ပကန်ထရိုက်စာချုပ်တွေကို ပြန်အတည်ပြုပေးဖို့ အချက်ကိုတော့ တရားရုံးမှာ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် စီရင်ချက်ချဖို့ တရားသူကြီးက ငြင်းပယ်ထားပါတယ်။
USAGM ရဲ့ အရင်အကြီးအကဲ ကယ်ရီလိခ် ဆောင်ရွက်ခဲ့တာတွေ အားလုံးဟာ ဥပဒေနဲ့မညီသလို ဥပဒေအရ အကျိုးသက်ရောက်မှုမရှိဘူးလို့ တရားသူကြီးက ဒေသစံတော်ချိန် မတ် ၇ ရက်မှာ အမိန့်စာထုတ်ပြန်ပါတယ်။
အဲဒီအမိန့်စာထွက်လာပြီးနောက် မတ်လ ဒုတိယအပတ်ထဲမှာ USAGM ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး တယောက် ဖြစ်တဲ့ ဆာရာရော်ဂျာကို သမ္မတထရမ့်ပ်က အထက်လွှတ်တော်မှာ အဆိုပြုထားပါတယ်။
ဆာရာရော်ဂျာဟာ ရှေ့နေတယောက် ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့သံတမန်ရေးရာဌာန (Public Diplomacy) မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
VOA မြန်မာပိုင်း သတင်းတင်ဆက်သူ ဒေါ်ခင်ဖြူထွေးက “ဝန်ထမ်း ၁,၀၄၂ ယောက်ကို ဒီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီးတော့ လုပ်ငန်းခွင်ကို ပြန်ခေါ်ရမယ်ဆိုပြီးတော့ အတိအလင်း ဖော်ပြထားပါတယ်။ အမိန့်က ဒီနေ့ပဲ လောလောလတ်လတ် ထွက်လာတာဆိုတော့ လက်ရှိ VOA ရဲ့ မိခင်အဖွဲ့အစည်း USAGM ကို ဦးဆောင်နေတဲ့သူတွေက ဒီအတွက် ပြင်ဆင်နေကြလိမ့်မယ်လို့လည်း ထင်တယ်။ တရားသူကြီးကလည်း အခုအမိန့်ထွက်လာပြီးတော့ ၇ ရက်အတွင်းမှာ နှစ်ဖက် တရားလို တရားပြိုင်တွေ တွေ့ရမယ်၊ ဆွေးနွေးရမယ်။ ရှေ့ဆက် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်ကိုတင်ပြတဲ့ ပူးတွဲထုတ်ပြန်ချက်ကိုလည်း ၇၂ နာရီအတွင်းမှာ တင်ပြရမယ် ဆိုပြီးတော့လည်း ညွှန်ကြားထားပါတယ်။ ဒီအမိန့်မတိုင်ခင် ဒီလ ၇ ရက်နေ့တုန်းကလည်း USAGM ဦးဆောင်သူနေရာကို ယူပြီးတော့မှ ဝန်ထမ်းတွေကို အလုပ်ဖြုတ်တာ၊ အလုပ်က အနားပေးတာတွေကို လုပ်ခဲ့တဲ့ ကယ်ရီလိခ်နဲ့ ပတ်သက်ပြီးတော့ ကယ်ရီလိခ်ကို ခန့်အပ်မှုဟာ ဖက်ဒရယ်ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ မဟုတ်ဘူး၊ ဒါကြောင့်မို့ ပြီးခဲ့တဲ့နှစ်အတွင်း ကယ်ရီလိခ်ရဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ တရားမဝင်ဘူး ဆိုပြီးတော့လည်း တရားသူကြီးက အမိန့်ချခဲ့တာရှိပါတယ်။ အဲဒီကတည်းကလည်း ဝန်ထမ်းတွေကို အလုပ်ခွင်ကို ပြန်ခေါ်ရမယ်ဆိုတာ ပါပြီးသားပါ။ အခုနောက်ဆုံးအမိန့်မှာတော့ တရားသူကြီးက အလုပ်ပြန်ခေါ်ရမဲ့ ရက်အတိအကျကိုပါ ထည့်ပြီးတော့ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်တယ်”လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၂၀၂၅ မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရ အေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက်မှာ USAGM ထိပ်တန်းရာထူးနေရာတွေကို လူစားထိုးတာ၊ VOA ဝန်ထမ်းအများအပြားကို အလုပ်က ထုတ်ပယ်ကြောင်း စာပို့တာ၊ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းတာ စတာတွေကို အစိုးရက ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။










