DVB Logo
Home
မြန်မာသတင်း
ARSA တပ်မှူး ၁ ဦးကို ဘင်္ဂလားဒေ့ရှ်စစ်တပ် ဖမ်းဆီး
DVB
·
February 5, 2026
ARSA တပ်မှူး ၁ ဦးကို ဘင်္ဂလားဒေ့ရှ်စစ်တပ် ဖမ်းဆီး
Donate to DVB

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့(ARSA)ရဲ့ တပ်မှူး ဇာဟစ်ဟိုစိန်လာလူကို ဖေဖော်ဝါရီ ၄ ရက်မှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

ARSA ရဲ့ တပ်မှူး အသက် ၄၀ အရွယ် ဇာဟစ်ဟိုစိန်လာလူကို အူးခီယာမြို့နယ်ရှိ ကုတုပါလောင် ဒုက္ခသည်စခန်း Camp(1) မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူနဲ့အတူ ပစ္စတိုတလက်နဲ့ ကျည်ဆန်နှစ်တောင့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ် အူးခီယာစခန်းရဲ့ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဆိုင်မွန်ဆစ်ဒါက သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ ဇာဟစ်ဟိုစိန်လာလူကို အူးခီယာရဲစခန်းကို လွှဲပြောင်းထားပြီး ဥပဒေအရ တရားစွဲဆိုနိုင်ဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဇာဟစ်ဟိုစိန်လာလူဟာ ARSA ခေါင်းဆောင် အာတာအူလာရဲ့ အနီးကပ်တပ်မှူးနဲ့ ကိုယ်ရံတော်တယောက် ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၂၁ ခုနှစ် ဒုက္ခသည်စခန်းက ကျောင်းသားနဲ့ ဆရာ ၆ ယောက် သေဆုံးခဲ့တဲ့ မဒရပ်ဆာကျောင်းကို တိုက်ခိုက်မှု၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်က ရိုဟင်ဂျာခေါင်းဆောင် မူဟီဘူလာကို သတ်ဖြတ်မှုနဲ့ နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး (DGFI) အရာရှိ Squadron Leader Rezwanul Haque ရေဇွာနူလ်ဟာ့က်ကို သတ်ဖြတ်မှု အပါအဝင် ထင်ရှားတဲ့ ရာဇဝတ်မှုများစွာကို ကျူးလွန်သူလို့ စွပ်စွဲခံထားရတာလည်း ဖြစ်ပါတယ်။

ဇာဟစ်ဟိုစိန်လာလူကို ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးနိုင်ခဲ့တာလို့ အူးခီယာစခန်းရဲ့ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဆိုင်မွန်ဆစ်ဒါက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့ အဆိုရ ARSA တပ်မှူး ဇာဟစ်ဟိုစိန်လာလူဟာ ARSA အဖွဲ့က လုပ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေက ရေးကြပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်က ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်ကလည်း ARSA ခေါင်းဆောင် အာတာအူလာ အပါအဝင် ၆ ယောက်ကို ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO၊ ARA၊ RIM တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အခြေစိုက် လှုပ်ရှားကြတာဖြစ်ပြီး စစ်ကောင်စီနဲ့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ထားကြသလို ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

Ref: BSS News

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013