DVB Logo
Home
မြန်မာသတင်း
လမ်းဖွန်းတွင် မြန်မာလုပ်သားမိသားစု ၄ ဦးစီးလာသည့်ဆိုင်ကယ် ကားတိုက်ခံရပြီး အားလုံးသေဆုံး 
DVB
·
February 5, 2026
လမ်းဖွန်းတွင် မြန်မာလုပ်သားမိသားစု ၄ ဦးစီးလာသည့်ဆိုင်ကယ် ကားတိုက်ခံရပြီး အားလုံးသေဆုံး 
1 / 2
Donate to DVB

ထိုင်းမြောက်ပိုင်း၊ လမ်းဖွန်းခရိုင်၊ ဘန့်ထိမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၃ ရက်ညက  မြန်မာရွှေ့ပြောင်း လုပ်သားမိသားတစု ဆိုင်ကယ်စီးလာစဉ် ကားတိုက်ခံရပြီး အားလုံးသေဆုံးသွားတယ်လို့  လမ်းဖွန်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီလောက်က ဘန့်ထိမြို့နယ်၊ ဘန့်ဟွေ့မုန့် နယ်မြေ ၃ ထဲမှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဒဏ်ရာရသူတွေရှိကြောင်း အကြောင်းကြားချက်ရတာနဲ့  လူနာတင်ကားတွေ နဲ့အတူ သွားရောက်ကူညီခဲ့တယ်လို့   ဘန့်ထိအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်ကို ပြောပါတယ်။ 

အချင်းဖြစ်တဲ့နေရာမှာ မီးပွိုင့်လမ်းဆုံဖြစ်ပြီး ဆိုင်ကယ်ရောကားပါ ပျက်စီးနေတယ်၊  အနီးမှာ ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ လူကြီးရော ကလေးပါ  ၄ ယောက်လုံးတွေ့ရတယ်၊ အရေးပေါ် အသက်ကယ်ဖို့ ကြိုးစားပေမဲ့ အားလုံးသေဆုံးသွားပြီးဖြစ်တယ်။ ဒါကြောင့် အလောင်းတွေကို ဘန့်ထိဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေမှာ အသက် ၃၀ ကျော်ရွယ် အမျိုးသားနဲ့ အမျိုးသမီး၊ အသက် ၁၀ နှစ်အရွယ် မိန်း ကလေးနဲ့  ၂ နှစ်သား ကလေးငယ်တယောက်တို့ ဖြစ်ပါတယ်။ 

အသိတွေရဲ့ ပြောပြချက်အရ သူတို့ဟာ ပလောင်တိုင်းရင်းသားတွေဖြစ်ပြီး လင်မယား ၂ ယောက်နဲ့ သူတို့ကလေး ၂ ယောက်ဖြစ်တယ်၊  မြန်မာပြည် တာချီလိတ်ကနေ  ချင်းမိုင်ခရိုင် မဲ့အွန်းမြို့နယ်မှာ အလုပ်လာလုပ်နေတာ ဖြစ်တယ်၊ အခင်းဖြစ်တဲ့နေ့က အလုပ်ဆင်းပြီး ဘန့်ထိမြို့နယ် ဟွေ့ဆိုက်ရွာရှိ အမျိုးတွေရဲ့ မွေးနေ့ပွဲကို ဆိုင်ကယ်နဲ့သွားတယ်၊ အပြန်လမ်းမှာ အခုလို မတော်တဆမှုနဲ့ ကြုံရတာ လို့ ဆိုပါတယ်။ 

ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာရတာမရှိဘဲ အဲဒီရပ်ကွက်ထဲမှာ နေထိုင်တဲ့ အမျိုးသားတယောက်ဖြစ်ပါတယ်။ 

တာဝန်ရှိသူတွေက စီစီကင်မရာကို ပြန်လည်စစ်ဆေးရာမှာ ဟိုင်းလပ်စ်ကားတစီးက လမ်းတည့်( ပထမလမ်း) အတိုင်း မောင်းနှင်လာပြီး ဆိုင်ကယ်က လမ်းချိုး( ဒုတိယလမ်း ) ကနေထွက်လာစဉ် အရှိန်ပြင်းစွာတိုက်မိတာဖြစ်တယ်၊ ယာဉ်တိုက်မှုဖြစ်ပြီး ကားပေါ်က လူဆင်းလာကာ ဒဏ်ရာရသူ တွေကို သွားကြည့်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ယာဉ်စည်းကမ်းအရ လမ်းတည့်မောင်းလာတဲ့ယာဉ်ကို ဦးစားပေးရမှာဖြစ်ပြီး လမ်းချိုး ကယာဉ်က ခေတ္တစောင့်ဆိုင်းရမှာဖြစ်တယ်၊ ဘယ်လိုဖြစ်ဖြစ် သေဆုံးသွားတဲ့ မိသားစုဝင်တွေ အတွက် စိတ်မကောင်းစရာပဲလို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

Source:  Lampoon News / CH7 TV News / CH8 TV News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013