DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံး အဆုံးအဖြတ်ကို စောင့်ဆိုင်း၊ မြန်မာဘက်က အခြေအနေ ဘယ်လိုရှိနိုင်လဲ
DVB
·
February 4, 2026
ICJ တရားရုံး အဆုံးအဖြတ်ကို စောင့်ဆိုင်း၊ မြန်မာဘက်က အခြေအနေ ဘယ်လိုရှိနိုင်လဲ
Donate to DVB

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုအတွက် ကြားနာစစ်ဆေးမှုတွေ ပြီးဆုံးသွားပြီဖြစ်လို့ တရားရုံးရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြပါတယ်။

ဇန်နဝါရီ နောက်ဆုံးပတ်ထဲမှာပဲ ICJ တရားရုံးရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုကြားနာပွဲ ပြီးဆုံးခဲ့ပြီး မြန်မာ့အရေးအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိလာနိုင်တဲ့ တရားရုံးရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြပါတယ်။

ဒီကြားနာပွဲမှာ ဂမ်ဘီယာနိုင်ငံဘက်က ပညာရှင်တယောက်အပြင် MS, NJ နဲ့ MN ဆိုပြီး လုံခြုံရေးအရ အမည်ဝှက်ပေးထားတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို သက်သေအဖြစ် တင်သွင်းခဲ့ပြီး သူတို့ ၃ ယောက်ကို တရားရုံးက တံခါးပိတ် စစ်ဆေးခဲ့ပါတယ်။

ဂမ်ဘီယာရှေ့နေ ဖလိ ဆန်းစ်က တရားရုံးကို လျှောက်လဲရာမှာ သက်သေ MS အနေနဲ့ မင်းကြီးရွာမှာ သူ့ဇနီး၊ သားသမီးတွေနဲ့ ဆွေမျိုး ၅၆ ယောက် အသတ်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သလို သက်သေ NJ ကလည်း သူ့ခင်ပွန်းနဲ့ ယောက္ခမဖြစ်သူတို့ သေဆုံးခဲ့ရတဲ့အပြင် သူ့ရဲ့ကလေးငယ်ကိုပါ လုယူပြီး ဓားနဲ့ထိုး၊ မီးထဲထည့် သတ်ဖြတ်ခံရကာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြောင်း တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းဆရာတယောက်ဖြစ်ခဲ့တဲ့ သက်သေ MN ကလည်း မောင်နုရွာက အမျိုးသား ၈၇ ယောက်အုပ်စုထဲ သူရှိနေခဲ့ပြီး နေရာတခုစီ ခွဲထုတ်ခေါ်ဆောင် သတ်ဖြတ်ခံခဲ့ရပြီး သူတယောက်တည်း အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း ဂမ်ဘီယာရှေ့နေက တရားရုံးကို ထောက်ပြ လျှောက်လဲခဲ့ပါတယ်။

မြန်မာဘက်ကတော့ စစ်တပ်ရဲ့လုပ်ရပ်တွေဟာ နယ်မြေရှင်းလင်းရေးသာဖြစ်ပြီး သက်သေ ၃ ယောက်တည်းနဲ့ အမှုတခု မဖြစ်မြောက်နိုင်သလို Genocide (လူမျိုးတုံးသတ်ဖြတ်မှု) လည်း မမြောက်ဘူးလို့ တုံ့ပြန်ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာသက်သေတွေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲမှုရှိနေပြီး လျှောက်လဲချက်နဲ့ တောင်းဆိုချက် အားလုံးဟာ ဥပဒေအရသာမက အချက်အလက်အရပါ ခိုင်လုံမှုမရှိဘူးလို့ ချေပခဲ့ပါတယ်။

မြန်မာနိုင်ငံ (စစ်တပ်) ကိုယ်စားလှယ် ဦးကိုကိုလှိုင်က “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတော်အား အောက်ပါအတိုင်း စီရင်ဆုံးဖြတ် ကြေညာပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်.. နံပါတ် ၁။ လူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဟု စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ ဂမ်ဘီယာသမ္မတနိုင်ငံ၏ လျှောက်လဲချက်များပါ တောင်းဆိုချက် အားလုံးသည် ဥပဒေကြောင်းအရ သော်လည်းကောင်း၊ အချက်အလက်အရ သော်လည်းကောင်း အခြေအမြစ် မရှိသဖြင့် အားလုံးကို ပယ်ချပေးပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ အချက်အလက် စုဆောင်းရေးအဖွဲ့ (FFM) နဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့ရဲ့ အချက်အလက်တွေဟာ တိကျမှု၊ ယုံကြည်စိတ်ချရမှု မရှိကြောင်းနဲ့ ဘက်လိုက်မှုတွေ ရှိတာကြောင့် လက်မခံနိုင်ဘူးလို့လည်း မြန်မာဘက်က တရားရုံးမှာ ငြင်းဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင် ကတော့ မြန်မာစစ်တပ်ဟာ စုံစမ်းစစ်ဆေးရေးမှူးတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ထားပြီးမှ သက်သေမရှိဘူးလို့ ငြင်းဆိုနေတာက လက်ခံနိုင်ဖွယ် မရှိဘူးလို့ ထောက်ပြပါတယ်။

“မြန်မာစစ်တပ်က ရိုဟင်ဂျာ အသိုက်အဝန်းအပေါ် ကျူးလွန်ခဲ့တာတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ ခင်ဗျားသိထားဖို့လိုတာက အမှန်တရားဆိုတာ ရှိနေပါတယ်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရှိတယ်။ အဲဒီမတိုင်ခင်က ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (UN Fact-Finding Mission) ရှိခဲ့တယ်။ သူတို့က အတော်လေး စေ့စေ့စပ်စပ် လုပ်ဆောင်ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေအပေါ် ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို သူတို့ ၂ နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့တယ်။ ဒီအဖွဲ့တွေက ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးထားတဲ့၊ ကုလသမဂ္ဂက ကောင်းကောင်း အသိအမှတ်ပြုထားတဲ့ အဖွဲ့တွေဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ အားလုံး လုပ်ဆောင်ခဲ့ကြတာပါ။ ဒါကြောင့် အချိန်တိုင်း ငြင်းနေလို့ မရပါဘူး။ ဒါပေမဲ့ ဒီတကြိမ်ကတော့ တရားသူကြီးက ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို ကျနော် စောင့်ကြည့်ချင်ပါတယ်။ ကျနော် အတော်လေး ယုံကြည်မှု ရှိပါတယ်။”

ဒါ့အပြင် စစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေကို သတိပြုကြဖို့နဲ့ ရိုဟင်ဂျာအရေးဟာ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအရေးနဲ့ တိုက်ရိုက်ဆက်စပ်နေကြောင်းလည်း ဦးထွန်းခင်က ဆက်ပြောပါတယ်။

တကယ်လို့သာ ဂမ်ဘီယာ အမှုရှုံးခဲ့ရင် မြန်မာပြည်သူတွေအပေါ် နောက်ထပ် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်ကျူးလွန်ဖို့ ပိုပြီး အတင့်ရဲလာလိမ့်မယ်လို့လည်း သတိပေးပါတယ်။

ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင် ICJ ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လိုက်နာဖို့ တာဝန်ရှိနေပြီး ကျူးလွန်ကြောင်း အမိန့်ချခံရမယ်ဆိုရင်တော့ နစ်နာမှုတွေအတွက် လျော်ကြေးပေးတာ၊ ဥပဒေတွေ ပြင်ဆင်တာနဲ့ တာဝန်ရှိသူတွေကို အရေးယူပေးတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီအမှုအတွက် အပြီးသတ်စီရင်ချက်ဟာ လာမဲ့ ၂၀၂၆ ခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၇ ခုနှစ် အစောပိုင်းမှာ ထွက်လာမယ်လို့ ခန့်မှန်းရပြီး ICJ ရဲ့ စီရင်ချက်ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) နဲ့ ကျန်တဲ့အမှုတွေအတွက်လည်း အရေးပါတဲ့ ကိုးကားချက်တခု ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013