
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရွှေဘုံသာကျေးရွာမှာ အမျိုးသမီးတယောက်ကို သတ်ပြီး ရွှေထည်တွေ လုယက်ခဲ့တဲ့ ဇော်ဝမ်း (ခ) ဆမ်သဒါး ဆိုသူကို ဖေဖော်ဝါရီ ၃ ရက် မနက်က ပဲခူးခရိုင်တရားရုံးက မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
တရွာတည်းနေ ဒေါ်အမာဒီ ဆိုသူ အမျိုးသမီးကို သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တာကြောင့် ပဲခူးခရိုင်တရားရုံးက မနေ့က ပုဒ်မ ၃၀၂ (၁)(ဂ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချတာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“တရွာတည်းနေတဲ့သူအချင်းချင်း ကြောက်ဖို့ကောင်းလောက်အောင် သတ်ဖြတ်ပြီး ရွှေထည်တွေ လုသွားလို့ တရားသူကြီးက အခုလို အမိန့်ချလိုက်တာ။ အဲဒါကောင်းတယ်။ ထောင်ဒဏ်အပြစ်ပေးနေရင် ပြန်လွတ်လာရင် ထပ်ပြီး လုနေဦးမှာ။ မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချတော့ ဒီသတင်းကြားပြီး နောက်လူတွေ မလုပ်တော့ဘူး။ ပဲခူးမှာ လူသတ် လုယက်တဲ့သူတိုင်း မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချတာ သူနဲ့ဆို ၇ ယောက်ရှိပြီ။”
ပြစ်မှုကျူးလွန်သူ ဇော်ဝမ်း (ခ) ဆမ်သဒါးမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်က တရွာတည်းနေ ဒေါ်အမာဒီကို ပုဆိန်နဲ့ အချက်ပေါင်းများစွာ ခုတ်သတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တာ ဖြစ်ပါတယ်။
ပဲခူးခရိုင်တရားရုံးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ကလည်း ပဲခူးမြို့နယ်၊ အင်းတကော်မြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းသူကို သတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်လုသူ ၂ ယောက်ထဲက တယောက်ကို မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချခဲ့ပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်ကလည်း ပဲခူးမြို့မှာ အသက် ၄၀ ကျော် အမျိုးသားတယောက်ကို မသေမချင်း ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေလက်စွပ် လုယက်ခဲ့သူ ၃ ယောက်ကို ပဲခူးခရိုင်တရားရုံးက မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် သြဂုတ် ၈ ရက်ကလည်း ပဲခူးမြို့၊ မဇင်းဆည်အနီးမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သူ ၂ ယောက်ကို ပဲခူးခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။










