DVB Logo
Home
မြန်မာသတင်း
အိမ်နီးချင်းနိုင်ငံအချို့က ၀င်သည့် ပီကေများကို သိမ်းဆည်းတော့မည်
DVB
·
December 21, 2014
အိမ်နီးချင်းနိုင်ငံအချို့က ၀င်သည့် ပီကေများကို သိမ်းဆည်းတော့မည်
Donate to DVB

အိမ်နီးချင်းနိုင်ငံတွေက ဝင်လာတဲ့  ပီကေတွေကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းနဲ့ သက်ဆိုင်ရာတို့ ပူးပေါင်းပြီး သိမ်းဆည်းတော့မှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ထိုင်းနိုင်ငံတို့က အဓိကဝင်ရောက်တဲ့ ပီကေတွေဟာ ရာဘာ၊ ပလတ်စတစ်၊ သကြားတုတွေနဲ့ ပြုလုပ်ထားတဲ့အတွက်  စားသုံးဖို့ လုံးဝမသင့်ဘူးလို့ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) က သတင်းထုတ်ပြန်ထားပါတယ်။

pekပီကေမှာပါဝင်တဲ့  ဆိုးဆေးဟာ စားသုံးဖို့ မသင့်တဲ့ တားမြစ်ဆိုးဆေးဖြစ်တဲ့အတွက်  စားသုံးရန်မသင့်သော မုန့်အနေနဲ့ အက်ဖ်ဒီအေက မကြာသေးမီက ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းတာဝန်ရှိသူတဖြစ်တဲ့ ဦးဗအုပ်ခိုင်က “ပလတ်စတစ်နဲ့ ရာဘာ ပါတဲ့အတွက် ပလတ်စတစ်က ကင်ဆာဖြစ်စေတယ်။ နောက်တခုက တချို့ပီကေတွမှာ တိုင်တေနီယံဆိုတဲ့ ကင်ဆာဖြစ်စေတတ်တဲ့ ကယ်မီကယ်တမျိုးပါတယ်။ အဲဒါကြောင့်လည်း ဆရာတို့က ကလေးတွေ မစားဖို့ ပိတ်ပင်တာ။ နောက်တခုက ကလေးငယ်လေးတွေ မျိုချမိမယ်ဆိုရင်လည်း ပီကေကို ကြေညက်ဖို့ အစာအိမ်က ၇ နှစ်စောင့်ရတယ်။  ၇ နှစ်အစာချေပြီးက ဒီပီကေက စွန့်ပစ်လို့ရတယ်။ ကလေးတွေ များများဝင်သွားမယ်ဆိုရင် အူလမ်းကြောင်းမှာ ပိတ်ဆို့ပြီး ခွဲစိတ်ရတာမျိုး၊ အူတွေဖြတ်တောက် ကုသတာမျိုးတွေ လုပ်ရနိုင်တယ်” လို့ ပြောပါတယ်။

ဒီမုန့်တွေဟာ နယ်စပ်ဝင်ပေါက်တွေက အဓိက ဝင်ရောက်နေပေမယ့် တားမြစ်နိုင်ခြင်း မရှိသေးတဲ့အတွက် စားသုံးသူတွေကို အသိပညာပေးတာနဲ့ ကုန်ပစ္စည်းသိမ်းဆည်းတာကိုပဲ  လုပ်ဆောင်ရမယ်လို့ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“နယ်စပ်က တအားကျယ်တယ်။ ကုန်းတွင်းပိုင်းရော၊ ရေလမ်းကြောင်းရောက ၀င်တာဆိုတော့ ဒါတွေအကုန်လုံးကို မပိတ်နိုင်ဘူး။ သူတို့ မိုဘိုင်းတင်းမ်အဖွဲ့တွေ ဖမ်းတော့ဖမ်းတယ်၊ ဒါပေမယ့် တရားမ၀င်လမ်းကြောင်းက ၀င်နေတာပဲလို့ ပြောတယ်။ နောက်ပိုင်းကျရင် ထိုင်းက၀င်တာပဲဖြစ်ဖြစ်၊ တရုတ်က ၀င်တာပဲဖြစ်ဖြစ် မခွဲခြားတော့ပဲ သေချာ စိစစ်သွားမယ်။”

ပီကေအပြင်  အိမ်နီးချင်းနိုင်ငံတွေက ဝင်တဲ့  မုန့်အများစုဟာ သွင်းကုန်ထုတ်ကုန် လိုင်စင်မရှိဘဲ တရားမဝင် ဝင်ရောက်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းတွေမှာ အသိပညာပေးဟောပြောတာတွေလည်း ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013