
“ကမ္ဘာ့ပဋိပက္ခကြီးတရပ် ဖြစ်လာမှာကို ကျုပ်တို့ စိတ်မဝင်စားဘူး၊ ကျုပ်တို့ ရူးမနေဘူး” လို့ ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ၊ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ဖေဖော်ဝါရီ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
ရုရှားက မလိုလားပေမဲ့ ဖြစ်မလာဘူးလို့တော့ မပြောနိုင်ဘူးလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်စားလှယ်တွေက စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းနေကြတာဖြစ်ပြီး ဒီလိုအဆက်အသွယ်ပြန်ရတာ အားတက်စရာကောင်းတယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ အနောက်အုပ်စုဟာ ရုရှားရဲ့ အကျိုးစီးပွားတွေကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့တယ်လို့ သူက ပြစ်တင်ဝေဖန်ပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ဖမ်းဆီးခံရမှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး အကယ်၍ သမ္မတထရမ့်ပ်သာ အခုလို ပြန်ပေးဆွဲခံရရင် ဒါကို “စစ်မက်ပြုမူချက်” အဖြစ် အမေရိကန်က သတ်မှတ်မှာဖြစ်တယ်လို့ သူက နှိုင်းယှဉ်ပြောဆိုပါတယ်။
ဂရင်းလန်းကျွန်းကိစ္စနဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုရှိနေတယ် ဆိုတဲ့ ပြောဆိုချက်တွေဟာ အနောက်အုပ်စုက သူတို့လုပ်ရပ်ကို မျှတမှုရှိအောင် လုပ်ကြံဖန်တီးထားတဲ့ “သရဲတစ္ဆေ ပုံပြင်” တွေသာ ဖြစ်တယ်လို့ မက်ဗီဒက်က ပယ်ချခဲ့ပါတယ်။
စစ်ပွဲအရှိန်ဟာ နျူကလီးယားအန္တရာယ်အထိ ဦးတည်သွားနိုင်တယ်လို့လည်း သူက သတိပေးထားပါတယ်။
ရုရှားမူဝါဒပိုင်းမှာ သမ္မတ ဗလာဒီမာပူတင်ကသာ နောက်ဆုံးအဆုံးအဖြတ်ပေးသူ ဖြစ်ပေမဲ့ မက်ဗီဒက်ရဲ့ ပြောဆိုချက်တွေက ရုရှားအထက်တန်းလွှာထဲက သဘောထားတင်းမာသူတွေရဲ့ အသံကို ကိုယ်စားပြုနေတယ်လို့ သံတမန်တွေက သုံးသပ်ကြပါတယ်။
Source: Reuters










