DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားတွင် ကျားဖြန့်ဂိုဏ်း ရာဇဝတ်မှုကျူးလွန်သည့် အထောက်အထား ထိုင်းစစ်တပ် တွေ့ရှိ
DVB
·
February 3, 2026
ကမ္ဘောဒီးယားတွင် ကျားဖြန့်ဂိုဏ်း ရာဇဝတ်မှုကျူးလွန်သည့် အထောက်အထား ထိုင်းစစ်တပ် တွေ့ရှိ
Donate to DVB

ထိုင်းစစ်တပ်ဟာ မနှစ်က ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားခဲ့တဲ့ ၂ နိုင်ငံ နယ်စပ်တိုက်ပွဲတွေအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းက အွန်လိုင်းငွေလိမ်ဂိုဏ်း အဆောက်အအုံတခု အတွင်းမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သက်သေခံပစ္စည်း အထောက်အထား အများအပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဆူရင်ပြည်နယ်မှာ သတင်းထောက်တွေနဲ့ နိုင်ငံခြားကိုယ်စားလှယ်တွေကို ထိုင်းစစ်တပ် အဆင့်မြင့် အရာရှိကြီးတွေက ရှင်းလင်းပြောကြားရာမှာ အိုစမက်ချ် အိမ်ရာဝင်းကြီးမှာ လူပေါင်းထောင်ချီ နေထိုင်ခဲ့ကြပြီး သူတို့ထဲက အများစုမှာ လူကုန်ကူးခံရသူတွေဖြစ်ကာ အွန်လိုင်းလိမ်လည်မှုတွေ ပြုလုပ်ဖို့ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရကြောင်းနဲ့ ခိုင်းတာကို မလုပ်ရင် အပြစ်ပေးခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရကြောင်းလည်း ဆိုပါတယ်။

အဲဒီနောက် စစ်သားတွေဟာ သတင်းထောက်တွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထိုင်းစစ်တပ်က ဗုံးကြဲ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ အဆောက်အအုံတွေထဲက ၆ ထပ်တိုက်တလုံးကို လိုက်လံပြသခဲ့ရာမှာ အဲဒီထဲမှာ ငွေလိမ်ခံရမဲ့သူတွေရဲ့ ဖုန်းနံပါတ်စာရင်းတွေ၊ လိမ်လည်ရာမှာ အသုံးပြုရမဲ့ ဇာတ်ညွှန်းတွေ၊ နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်တဲ့ ဆင်းမ်ကတ်ပေါင်း ၈၇၁ ကတ်၊ စမတ်ဖုန်း အလုံးပေါင်းများစွာနဲ့ ရဲယူနီဖောင်းတွေ၊ ရဲတံဆိပ် အတုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ အဲဒီအဆောက်အအုံအတွင်းမှာ ဘရာဇီးနဲ့ သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေက ရဲစခန်းတွေနဲ့ ဆင်တူအောင် ပြင်ဆင်ထားတဲ့ အခန်းတွေကိုလည်း တွေ့ရှိရပါတယ်။

အိုစမတ်ချ်ဒေသဟာ အွန်လိုင်းငွေလိမ်မှုတွေရဲ့ အဓိက အခြေစိုက်စခန်းဖြစ်တယ်လို့ အမေရိကန် အပါအဝင် နိုင်ငံတကာက အရင်ကတည်းက အမည်ပျက်စာရင်း သွင်းထားတာဖြစ်ကြောင်း ထိုင်းစစ်တပ်က ထောက်ပြပါတယ်။

ဒီနေ့ ဒီနေရာကို ပြသရတဲ့ အကြောင်းရင်းက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ အခြေစိုက်စခန်းအဖြစ် ဘယ်လိုအသုံးပြုနေလဲဆိုတာကို ကမ္ဘာက မြင်တွေ့စေချင်လို့ပါ လို့ တော်ဝင် ထိုင်းစစ်တပ် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး တီရာနန် နန်ထက်ဝမ်က ပြောပါတယ်။

စုံစမ်းမှုအရ ဒီအဆောက်အအုံတွေဟာ တခုနဲ့တခု ချိတ်ဆက်ထားပြီး စနစ်တကျ ဒီဇိုင်းဆွဲ လည်ပတ်နေတဲ့ ငွေလိမ်စခန်းတွေဖြစ်ပြီးတော့ လုပ်ငန်းစဉ်လမ်းကြောင်းတွေကလည်း တော်တော်အသေးစိတ် ရှိတယ်လို့လည်း ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ သက်သေတွေကိုတော့ ဥပဒေစိုးမိုးရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးမှာဖြစ်ပြီး နယ်စပ်ကိစ္စတွေကိုတော့ GBC နဲ့ JBC ကော်မတီ အစည်းအဝေးတွေကတဆင့် ဆက်လက် ဆွေးနွေးသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တို့ဆုတ်ခ်ဟက်ခ် ကတော့ ထိုင်းနိုင်ငံဟာ စစ်ရေးအရ တိုက်ခိုက်ဖို့အတွက် ဒီငွေလိမ်စခန်းတွေကို အကြောင်းပြချက်အဖြစ် အသုံးချနေတာလို့ တုံ့ပြန်လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ငွေလိမ်ဂိုဏ်းတွေကို တင်းတင်းကျပ်ကျပ် နှိမ်နင်းနေပြီး လာမဲ့ ဧပြီလမတိုင်ခင်မှာ အဲဒီ တရားမဝင်လုပ်ငန်းတွေကို အမြစ်ပြတ်အောင် နှိမ်နင်းသွားမယ်လို့လည်း ကတိပြုထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ နယ်စပ်ပဋိပက္ခကို ရပ်တန့်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်းမှာ ထိုင်းစစ်တပ်ဟာ အွန်လိုင်းငွေလိမ်စင်တာတွေအဖြစ် စွပ်စွဲထားတဲ့ ကာစီနို အိမ်ရာဝင်း အများအပြားကို တိုက်ခိုက်ခဲ့ပြီး အဲဒီနေရာတွေကို လက်နက်သိုလှောင်ရာနဲ့ တိုက်ခိုက်မှု စတင်ရာ နေရာတွေအဖြစ် အသုံးပြုခဲ့ကြောင်းလည်း စွပ်စွဲထားပါတယ်။

ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသတွေ အပါအဝင် အရှေ့တောင်အာရှ ဒေသတချို့ဟာ မကြာသေးတဲ့နှစ်တွေအတွင်း အွန်လိုင်းလိမ်လည်မှုတွေရဲ့ အဓိကအချက်အချာတွေ ဖြစ်လာခဲ့ပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံချီတဲ့ ဝင်ငွေတွေ ရရှိနေခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013