DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ပြန်ခေါ်သည့်အပေါ်  CDM များ တညီတညွတ်တည်း ဆန့်ကျင်
DVB
·
February 2, 2026
စစ်ကောင်စီက ပြန်ခေါ်သည့်အပေါ်  CDM များ တညီတညွတ်တည်း ဆန့်ကျင်
Donate to DVB

အာဏာဖီဆန် CDM လုပ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပြန်လည်အလုပ်ဝင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေပြီး Blacklist စာရင်းကနေ ပယ်ဖျက်ပေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားပေမဲ့ CDM ဝန်ထမ်းအများစုကတော့ တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ပြောပါတယ်။

နွေဦးတော်လှန်ရေး ၅ နှစ်ပြည့်ချိန်မှာ အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (စစ်ကောင်စီ) က ပြန်ခေါ်နေပြီး အမည်မည်းစာရင်း Blacklist စာရင်းကနေ ပယ်ဖျက်ပေးမှာဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် အယုံအကြည်မရှိကြောင်းနဲ့ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိကြောင်း ပြည်တွင်းမှာရှိနေဆဲ CDM ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

“ဘာသဘောလဲတော့ တိတိကျကျမသိဘူး၊ အကြံအစည် တခုခုများ ရှိတာလား၊ ဘယ်လိုသဘောမျိုးနဲ့ ပြန်ခေါ်လဲဆိုတာကတော့ စဉ်းစားရမယ့်အထဲမှာ ပါတယ်ပေါ့။ အခုလို ပြန်ခေါ်တဲ့အပေါ် ယုံကြည်စိတ်ချမှုကတော့ သူတို့အပေါ် နဂိုတည်းက ယုံကြည်မှုမရှိသလို အခုလည်း ဘယ်လိုမှမရှိဘူး။ သူ့ဘာသူ blacklist လျှော့ရုံမကလို့ ဘာဖြစ်ဖြစ် ပြန်လည်သွားဖို့က CDM တယောက်အနေနဲ့ ၅ နှစ်လုံးလုံး တောင့်ခံပြီးသွားမှ ပြန်သွားမဲ့ အစီအစဉ်က မရှိပါဘူး။”

ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ဖေဖော်ဝါရီလကနေ CDM လုပ်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေက နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကနေ စွန့်ခွာခဲ့ကြတဲ့အတွက် Blacklist စာရင်းမှာ ပါဝင်နေမှာ စိုးရိမ်နေကြတာဖြစ်လို့ နီးစပ်ရာ ရုံးဌာနတွေမှာ သတင်းပို့ ဆက်သွယ်လာမယ်ဆိုရင် စိစစ်ပြီး blacklist ကနေ ဖြေလျှော့ပေးမယ်လို့ ထုတ်ပြန်ပါတယ်။

CDM ဝန်ထမ်းတယောက်က “စစ်ကောင်စီက တကယ်ကို ရှုံးနိမ့်နေတော့ ကျမတို့ CDM တွေကို ပြန်ခေါ်နေတာပေါ့။ ကျမတို့က တကယ်အရေးပါ အရာရောက်ခဲ့တဲ့သူတွေလို့ ကျမ သုံးသပ်မိတယ်။ ယုံကြည်စရာမရှိပါဘူး။ သူတို့က ယုံစရာကောင်းတဲ့သူတွေမှ မဟုတ်တာ။ ပြန်ခေါ်လည်း သူတို့က ဒီတခုနဲ့မဟုတ် နောက်ထပ် စွဲချက်တွေ တခုပြီးတခု တင်ချင် တင်နေကြတဲ့ အဖွဲ့အစည်းတခုဆိုတော့ ကျမတို့က မယုံကြည်ပါဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းစမှာ CDM လုပ်ခဲ့သူဦးရေဟာ ၃ သိန်းနီးပါး (၂၉၅,၈၀၂ ယောက်) ရှိတယ်လို့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ NUG က ထုတ်ပြန်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းပေါင်း ၁၀၃,၂၁၃ ယောက် ရှိတဲ့အထဲ ၅၄,၇၂၂ ယောက်သာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ကျန် ၄၇,၂၅၄ ယောက်ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်ကိုယ်တိုင်က အာဏာသိမ်း ၂ နှစ်ပြည့် ကာလုံအစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုဖူးပါတယ်။

စစ်ကောင်စီရဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ ပြည်တွင်းက CDM တွေ အတွက်ကတော့ ဒီဖိတ်ခေါ်မှုက ခြွင်းချက်ဖြစ်နိုင်ပြီး လွတ်မြောက်နယ်မြေတွေမှာ ရှောင်တိမ်းနေနိုင်ပြီဖြစ်တဲ့ CDM တွေကတော့ တုန်လှုပ်မှာမဟုတ်ကြောင်း CDM ဆရာဝန် ဒေါက်တာလွမ်းဝေက ပြောပါတယ်။

“ပုံမှန်အခြေအနေမှာဆိုတော့ စစ်ကောင်စီဟာ ပြန်ခေါ်မှမဟုတ်ဘူး။ အကုန် ဖြုတ် ထုတ် သတ် လုပ်လိုက်မှာပဲ။ အခု ဘာလို့ပြန်ခေါ်တာလဲဆိုတော့ တကယ့်ကို အားနည်းပြီးတော့ မကြုံစဘူး လောက်အောင် အချိန်မရွေး ယိုင်လဲသွားနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးကို စစ်ကောင်စီအနေနဲ့ ရင်ဆိုင်နေရပြီး ဖြစ်တာကြောင့်မို့လို့ မရ ရတဲ့နည်းနဲ့ အကုန်လုံးကို လိုက်ခယနေရတာ မျိုးတော့ ဖြစ်တာပေါ့။ CDM တွေ အဖို့မှာတော့ ဒီအခြေအနေတွေအပေါ်မှာ အများကြီး တုန်လှုပ်မှာတော့ မဟုတ်ဘူး။ CDM တွေ တော်တော်များများသည် ပညာတတ်တွေ ဖြစ်တယ်၊ ပညာတတ်တွေမှာ ပညာတတ်မာနဆိုတာ ရှိတယ်၊ ကျနော်တို့ကတော့ ကိုယ့်ယုံကြည်ချက် ကိုယ့်စံတန်ဖိုးတွေပေါ်မှာပဲ ဆက်လက်ရပ်တည်သွားပြီးတော့ ကိုယ်ပျော်တဲ့နေရာမှာပဲ ရှင်သန်ရပ်တည်ရေးနဲ့ ကိုယ့်အခက်အခဲတွေကို ရအောင် ကျော်လွှားပါမယ်။”

လက်ရှိမှာတော့ CDM လုပ်နေဆဲ ဦးရေ ၁၁၀,၀၀၀ ကျော် ရှိတယ်လို့ NUG ရဲ့ CDM Success Committee က အချက်အလက်တွေအရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အတည်ပြုနိုင်တဲ့ ဖမ်းဆီးခဲ့ရသူ CDM ဦးရေဟာ ၃၅၄ ယောက်ရှိပြီး သေဆုံးသူ ၆၆ ယောက် ရှိတယ်လို့ သိရပါတယ်။

ဒေတာရရှိမှု အကန့်အသတ်ကြောင့် မြေပြင်မှာ ဒီထက်မက များနိုင်တယ်လို့ AAPP က ပြောပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013