DVB Logo
Home
မြန်မာသတင်း
မြောက်ဦးခရိုင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများ၏ ဆုပေးပွဲသို့ ULA/AA တက်ရောက်
DVB
·
February 1, 2026
မြောက်ဦးခရိုင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများ၏ ဆုပေးပွဲသို့ ULA/AA တက်ရောက်
1 / 4
Donate to DVB

ရခိုင်ပြည်၊ မြောက်ဦးခရိုင်မှာ ဇန်နဝါရီ  ၃၁ ရက်က စုပေါင်းကျင်းပတဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ၁၀ ကျောင်းရဲ့ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ULA/AA တာဝန်ရှိသူတွေအပါအဝင် လူဦးရေ ၁၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အစ္စလာမ်ဘာသာရေးကျောင်းသားနဲ့ တာဝန်ရှိသူတွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA) ရဲ့ သက်ဆိုင်ရာ တာဝန်ရှိအကြီးအကဲတွေ၊ တခြားဌာနဆိုင်ရာ အသီးသီးကတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြတာလို့ ပွဲတက်ရောက်ခဲ့သူ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

“ဆုပေးပွဲ အခမ်းအနားကို သေသေချာချာ စနစ်တကျစီစဉ်ပြီး ကျင်းပတာပါ၊ ULA/ AA အစိုးရဘက်ကလည်း လူကြီးတွေလာရောက်ပြီး ဂုဏ်ပြုပေးပါတယ်” လို့ပြောပါတယ်။

မြောက်ဦးခရိုင်ထဲက မွတ်ဆလင်ကျေးရွာတွေမှာ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း  ၁၀ ကျောင်း ဖွင့်လှစ်ပညာသင်ကြားနေပြီး နှစ်စဉ် အတန်းတင်စာမေးပွဲကိုတော့ ကျောင်းတကျောင်းကို စာစစ်ဌာနအဖြစ် သတ်မှတ်ပြီး ဖြေဆိုရတာလို့ သူက ဆက်ပြောပါတယ်။

အခမ်းအနားကို အာရက္ခနိုင်ငံတော်သီချင်းနဲ့ စတင်​ဖွင့်လှစ်ပြီး အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေ၊ ULA/AA တာဝန်ရှိသူတွေက အမှာစကားပြောကြားပြီးနောက် ပညာရည်ချွန်ကျောင်းသားတွေကို  ဆုချီးမြှင့်ခဲ့ပါတယ်။

ဒေသခံ မွတ်ဆလင်တယောက်က “အရင်အစိုးရလက်ထက်မှာ ဘာသာရေးစာသင်ကျောင်းတွေက ကောင်းကောင်းမသင်ရ၊ အခုလို ဆုပေးပွဲဆိုတာမကြားခဲ့ဘူး၊ ULA/AA အစိုးရလက်ထက်မှာ အခွင့်ရေးရပြီး စာသင်သားတွေအတွက်ကလည်း အခုလို ဆုပေးတဲ့ အခမ်းအနားဟာ သူတို့ရဲ့ စာသင်သားဘဝတွေကို ကြိုးစားအောင် မြှင့်တင်လိုက်တာပါ” လို့ ပြောပါတယ်။

ကျောင်းသားမိဘတယောက်ကလည်း အခုလို တန်းတူအခွင့်ရေး ပညာသင်ကြားခွင့်၊ ကလေးတွေ စာပေသင်ကြားရာမှာ ကြိုးစားချင်တဲ့စိတ် ဖြစ်ပေါ်လာအောင် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက ပညာရေးစုံညီ ဆုပေးပွဲအခမ်းနားတွေ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းသာမိတယ်လို့ ပြောပါတယ်။

စာမေးပွဲမှာ ဒုတိယတန်းက အဌမတန်းအထိ ကျောင်းသားစုစုပေါင်း ၄၀၂ ယောက် ဖြေဆိုခဲ့ပြီး ဂုဏ်ထူးရကျောင်းသား ၆၁ ယောက်၊ စာမေးပွဲအောင်မြင်သူ ၂၄၀ ကျော် ရှိခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013