
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာ ၂ ရက်ဆက်တိုက် ဓားထိုးမှုနဲ့ ဓားခုတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးသွားပြီး နောက်ထပ် အမျိုးသား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၄ ရက် ညပိုင်းက ဆိပ်ခွန်ကျေးရွာ တောင်ဘက် ရွာအဝင်ကနေ ဆိပ်ခွန်-ထန်းဇင်သွားတဲ့ လမ်းဘေးမှာ အသက် ၃၄ နှစ်အရွယ် အမျိုးသားတယောက်ကို ဝမ်းဗိုက်နဲ့ လည်ပင်းတွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
နောက်တရက် မေ ၂၅ ရက် ည ၉ နာရီဝန်းကျင်မှာတော့ ဆိပ်ခွန်ကျေးရွာ အရှေ့ပိုင်းက ဘုန်းကြီးကျောင်းရှေ့လမ်းမှာ ကားနဲ့ ဆိုင်ကယ် ရှောင်တိမ်းရာကနေ အချင်းများပြီး ဓားခုတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ အသက် ၆၀ ကျော်အရွယ် ကားမောင်းသူ အမျိုးသားနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ယောက်တို့ ဓားခုတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒေသခံတယောက်က “နှစ်ရက်ဆက်တိုက် ဖြစ်သွားတာပါ။ လူသေဆုံးတဲ့အမှုက ရွာတောင်ပိုင်းမှာ ညပိုင်းက အသတ်ခံရတာဖြစ်ပြီး မနက်ပိုင်းမှ အလောင်းတွေ့တာပါ။ ဗိုက်၊ ရင်ဘတ်နဲ့ လည်ပင်းတွေမှာ အပေါက်အပြဲဒဏ်ရာတွေ များလွန်းတော့ ဓား၊ စကေဘာ၊ ဒါမှမဟုတ် ပုလင်းကွဲ ဘာနဲ့သတ်မှန်းတောင် မသိရဘူး။ ဓားခုတ်မှုကတော့ ရွာအရှေ့ပိုင်းမှာ ကားနဲ့ဆိုင်ကယ် ရှောင်ရင်း စကားများကြတာ။ ကားသမားဘက်က တူနှစ်ယောက် ရောက်လာပြီး တူဝရီးသုံးယောက်နဲ့ ဟိုဘက်ကနှစ်ယောက် ဓားချင်းယှဉ်ခုတ်ကြတာပါ။ တယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူနဲ့ မသေဆုံးမီက ဆက်စပ်မှုရှိခဲ့တဲ့ သံသယရှိသူ ၃ ယောက်ကို ကျေးရွာတာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။
အလားတူ ဓားခုတ်မှု ရန်ပွဲမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ကျေးရွာတာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး ဒဏ်ရာရသူ ၃ ယောက်ကတော့ ဆေးကုသမှု ခံယူနေရပါတယ်။










