
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ တိုက်ကမ်းကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် လူနေအိမ် ၂ အိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဧပြီ ၁၉ ရက်၊ နေ့လယ် ၁၂ ခွဲဝန်းကျင်လောက်မှာ တိုက်ကမ်းကျေးရွာကို စစ်တပ်က ဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ပြီး ပွိုင့်ဖိုက်စက်သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဗုံးသီးက အိမ် ၂ ဆောင်ကြားထဲ ကျတာမို့လို့ နေအိမ် ၂ လုံး ထိခိုက် ပျက်စီးသွားတယ်။ ရွာသားတွေက ဥယျာဥ်ခြံတွေထဲ သွားနေလို့ ထိခိုက်မှုတစုံတရာမရှိပါဘူး” လို့ ပြောပါတယ်။
လေကြောင်းနဲ့ တိုက်ခိုက်နေချိန် မြေပြင်မှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမျိုး မရှိဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုရှိ တိုက်ကမ်းကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့တုန်းကလည်း တကူတိုက်နယ်၊ အလယ်ပိုင်းရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
Photo: ဒေသခံ










