
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၃၀ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၆၉ ယောက်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအထဲက ၈၇ ယောက်ကို AAPP က နာမည်နဲ့တကွ အတည်ပြုထားနိုင်ပြီး ၈၂ ယောက်ကိုတော့ အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
AAPP က အတည်ပြုထားတဲ့ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၄၁ ယောက်နဲ့ အမျိုးသား ၄၇ ယောက် ပါဝင်ပြီး အဲဒီအထဲမှာ အသက် ၅ လအရွယ် ကလေးအပါအဝင် ကလေး ၁၃ ယောက်ပါဝင်ပါတယ်။
အဲဒီသူတွေထဲက ၆၄ ယောက်ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဟာ သေဆုံးသူ ၂၄ ယောက်နဲ့ ပြည်နယ်နဲ့ တိုင်းတွေထဲမှာ သေဆုံးမှု အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့ကတော့ သေဆုံးသူ ၁၆ ယောက်စီနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
ဇန်နဝါရီ ၂၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် အသက် ၃ နှစ်အရွယ် ကလေးအပါအဝင် ပြည်သူ ၈ ယောက်သေဆုံးခဲ့ရပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။











