DVB Logo
Home
မြန်မာသတင်း
ICJတရားရုံး၌ မြန်မာ-ဂမ်ဘီယာလျှောက်လဲချက်ပြီးစီး၊ စီရင်ချက်ချရန်ကျန် 
DVB
·
January 30, 2026
ICJတရားရုံး၌ မြန်မာ-ဂမ်ဘီယာလျှောက်လဲချက်ပြီးစီး၊ စီရင်ချက်ချရန်ကျန် 
Donate to DVB

 

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာစွပ်စွဲထားတဲ့အမှု ကြားနာစစ်ဆေးမှုတွေ ပြီးစီးသွားပြီဖြစ်လို့ အခုချိန်ကစပြီး စီရင်ချက်ချမှတ်ဖို့အတွက် စတင် စဉ်းစားသုံးသပ်တော့မှာ ဖြစ်တယ်လို့ ICJ တရားရုံးက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်အမိန့်ကို လူသိရှင်ကြား ကြေညာမဲ့ရက်ကိုလည်း ထပ်ပြီး အသိပေးသွားမှာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာ  ဂမ်ဘီယာနဲ့ မြန်မာအမှုရဲ့ လူသိရှင်ကြား ကြားနာစစ်ဆေးမှုတွေကတော့ ဇန်နဝါရီ ၂၉ ရက်မနေ့ကပဲ မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေက နောက်ဆုံး လျှောက်လဲချက်ပေးပြီးတဲ့နောက် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဒီအမှုကြားနာပွဲတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့တာဖြစ်ပြီး  နှစ်ဖက်စလုံးက နှုတ်နဲ့ လျှောက်လဲချက်တွေကို တရားရုံးမှာ နှစ်ကျော့ပြန် တင်ပြခဲ့ကြပြီးနောက် သီတင်းသုံးပတ်နီးပါးအကြာ ဇန်နဝါရီ ၂၉ ရက်မှာ ကြားနာစစ်ဆေးမှုတွေ ပြီးဆုံးခဲ့တာပါ။

ဒါ့အပြင် ဂမ်ဘီယာဘက်က ခေါ်ယူထားတဲ့ သက်သေ ၃ ယောက်နဲ့ ကျွမ်းကျင်သူ တယောက်ကို စစ်မေးခဲ့သလို၊ မြန်မာဘက်က ခေါ်ယူထားတဲ့ သက်သေ တယောက်ကို လည်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့ကို သူတို့ရဲ့ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး ဒေါ်ဒါဂျဲလို က ဦးဆောင်ပြီး၊ မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့ကိုတော့ စစ်ကောင်စီခန့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က  ဦးဆောင်ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရခဲ့ပြီး ဂမ်ဘီယာရဲ့ လျှောက်လဲချက်တွေဟာ အချက်အလက်ခိုင်မာမှုမရှိဘူးဆိုပြီး အားလုံးကို ငြင်းဆို ပယ်ချခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စတင် တင်သွင်းခဲ့တဲ့ ဒီအမှုဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတွင်း  ရိုဟင်ဂျာမျိုးနွယ်စုတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။

ကြားနာမှုတွေအတွင်း ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်ရဲ့ လွန်ကဲတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ပျံ့နှံ့နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေကို ပစ်မှတ်ထားမှုတွေနဲ့ ရိုဟင်ဂျာကျေးရွာတွေကို ကျယ်ကျယ်ပြန့်ပြန့် မီးရှို့ဖျက်ဆီးမှုတွေက လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ပြသနေတဲ့ အညွှန်းကိန်းတွေဖြစ်တယ်လို့ လျှောက်လဲခဲ့သလို ဒါက ရိုဟင်ဂျာတွေကို လူမျိုးစု၊ လူမျိုးနွယ်၊ လူမျိုး၊ ဒါမှမဟုတ် ဘာသာရေးအုပ်စုတခုအနေနဲ့ တစိတ်တပိုင်း ဖြစ်စေ၊ တခုလုံးဖြစ်စေ ဖျက်ဆီးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ICJ တရားသူကြီးတွေက မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ထဲက မင်းကြီး (တူလာတိုလီ)၊ ချွတ်ပြင်နဲ့ မောင်နု ကျေးရွာတွေက ရိုဟင်ဂျာတွေရဲ့ ကိုယ်တိုင်ထွက်ဆိုချက်တွေကိုလည်း တံခါးပိတ်အစည်းအဝေးတွင်း နားထောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

သူတို့ရဲ့ ထွက်ဆိုချက်တွေထဲမှာ ကလေးသူငယ်တွေ သေနတ်နဲ့ အပစ်ခံရတာ၊၊ ဓားနဲ့ ထိုးခံရတာ၊ မီးထဲပစ်ချခံရတာမျိုးတွေအပြင် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခံရတာ၊ မိသားစုတွေကို မီးလောင်နေတဲ့ အဆောက်အအုံတွေအတွင်း အတင်းအဓမ္မ မောင်းသွင်းတာ စတဲ့ ရက်စက်မှုတွေကို ပြန်လည်ပြောပြခဲ့ကြပြီး ဒါတွေဟာ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) တို့က အရင်ကတည်းက အစီရင်ခံထားတဲ့ အကြောင်းအရာတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး ဒေါ်ဒါ ဂျဲလိုက ဖွင့်ပွဲမိန့်ခွန်းမှာ ဒီအမှုဟာ နိုင်ငံတကာဥပဒေရဲ နက်နည်းခက်ခဲတဲ့ ကိစ္စရပ်တွေ အကြောင်းသက်သက် မဟုတ်ကြောင်း ပြောကြားခဲ့သလို ဒါဟာ လူသားတွေရဲ့ ဖြစ်ရပ်မှန်တွေ၊ ပုံပြင်တွေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဆိုတဲ့ လူသားတစုအကြောင်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူက ရိုဟင်ဂျာတွေဟာ မိမိတို့နေရပ်မှာ ငြိမ်းချမ်းစွာနဲ့ လုံခြုံစွာနေထိုင်နိုင်ဖို့ အိပ်မက်မက်နေကြကြောင်းနဲ့ မြန်မာနိုင်ငံက အဲဒီအိပ်မက်ကို ငြင်းပယ်ခဲ့ပြီး သူတို့ဘဝတွေကို စိတ်ကူးကြည့်နိုင်သမျှ အဆိုးရွားဆုံးသော အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ ချောက်ချားဖွယ်ရာ အိပ်မက်ဆိုးတခုဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

လတ်တလောမှာတော့ ဒီအမှုအတွက် စီရင်ချက်ကို အနည်းဆုံး ၆ လအတွင်း မျှော်လင့်လို့ မရနိုင်သေးပေမဲ့ ဒီကြားနာမှုတွေက ကမ္ဘာ့အမြင့်ဆုံးတရားရုံးမှာ သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို ကြားသိစေခဲ့တဲ့အတွက် ရိုဟင်ဂျာတွေရဲ့ တရားမျှတမှု ရှာဖွေရေးမှာ အရေးကြီးတဲ့ အခိုက်အတန့်တခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရကတော့ ဒီအမှုကိစ္စ လုပ်ပိုင်ခွင့်အားလုံးဟာ NUG နဲ့သာ သက်ဆိုင်ပြီး စစ်တပ်ရဲ့ တင်ပြချက်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ထုတ်ပြန်ချက်မှာတော့ ဂမ်ဘီယာနိုင်ငံက လွန်ခဲ့တဲ့ ၆ နှစ်ကျော်က စတင်စွဲဆိုခဲ့တဲ့ ဒီအမှုဟာ အခုအခါ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာသဘောတူစာချုပ်ကို ချိုးဖောက်မှုတွေ ရှိ၊ မရှိ ဆိုတဲ့ အချက်အလက်ဆိုင်ရာ ကြားနာစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခဲ့ရသလို အဆိုပါစစ်ဆင်ရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ပါဝင်နေတဲ့အကြောင်း ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့က ကောက် ချက်ချထားတာပါ။

မြန်မာနိုင်ငံဘက်ကတော့ အဆိုပါတွေ့ရှိချက်တွေဟာ ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေတယ် ဆိုပြီး ပယ်ချခဲ့ကာ သူတို့ရဲ့ နှိမ်နင်းမှုတွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သူတွေကို  ရည်ရွယ်ခဲ့တာလို့ ငြင်းဆိုထားပါတယ်။

ဒီတရားစွဲဆိုမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံနဲ့အတူ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီနိုင်ငံ တွေအပါအဝင် နိုင်ငံပေါင်း ၁၁ ခုက တရားလိုနိုင်ငံတွေအဖြစ် ပါဝင်လာကြတာပါ။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အနေနဲ့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တခြားသော မြန်မာစစ်တပ် အဆင့်မြင့်ခေါင်းဆောင်တွေအတွက် လူသိရှင်ကြား ကြေညာထားတဲ့ ဖမ်းဝရမ်းတွေကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013