DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သူ ၂ ဦးကို သေဒဏ် အမိန့်ချ
DVB
·
January 30, 2026
နေပြည်တော်တွင် မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သူ ၂ ဦးကို သေဒဏ် အမိန့်ချ
Donate to DVB

စစ်ဗိုလ်ချုပ်တွေနဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတွေ နေထိုင်ကြတဲ့ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံရကာ ရွှေထည်ပစ္စည်းတွေနဲ့ ဆိုင်ကယ် လုယက်ခံရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်သူ ၂ ယောက်ကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်ဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာနေ မအိအိငြိမ်း (၂၃ နှစ်) ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ယောက္ခမနေအိမ်ကို တယောက်တည်း ဆိုင်ကယ်နဲ့ အသွားမှာ ခုလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ပြစ်မှုကျူးလွန်သူတွေဟာ ဇမ္ဗူသီရိမြို့နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ သိန်းဇော် (၄၃ နှစ်) နဲ့ သောင်းဝင်းအောင် (၂၃ နှစ်) တို့ဖြစ်ပြီး အခင်းဖြစ်နေ့က အရက်သေစာ သောက်စားနေစဉ် မအိအိငြိမ်း မောင်းလာတဲ့ ဆိုင်ကယ်ကို တွေ့ရာက တားဆီးကာ အဓမ္မပြုကျင့်စဉ် ရုန်းကန်ထွက်ပြေးတဲ့အတွက် လည်ပင်းနဲ့ ဦးခေါင်းကို သစ်သားတုတ်နဲ့ ၈ ချက်ခန့် ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ရိုက်နှက်ခဲ့တာကြောင့် မအိအိငြိမ်းဟာ သေဆုံးသွားပြီး တရားခံတွေဟာ မအိအိငြိမ်းထံမှ ရွှေလက်စွပ်တကွင်း၊ ရွှေနားကပ်တရံနဲ့ ဆိုင်ကယ်တို့ကို ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ မအိအိငြိမ်းရဲ့ အလောင်းကို အခင်းဖြစ် ညနေ ၆ နာရီခွဲမှာ ဇလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ၊ V 4 လမ်း၊ ရွှေနံ့သာသားသတ်ရုံ၊ မျက်စောင်းထိုးကားလမ်း အရှေ့ဘက်ခြမ်း ခြုံတောအတွင်းမှာ တွေ့ရတဲ့အတွက် တောင်ညိုနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄ နဲ့ ကနဦး အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာက အဲဒီအမှုက တရားခံတွေကို စုံစမ်းစစ်ဆေးခဲ့ရာ သိန်းဇော် (၄၃ နှစ်)၊ သောင်းဝင်းအောင် (၂၃ နှစ်) နဲ့ လုယက်ပစ္စည်းတွေ ရောင်းချရာမှာ ပါဝင်ကူညီသူ အောင်ကိုဦး နဲ့ နန်းရွှေစင်တို့ကို ပျောက်ဆုံးဆိုင်ကယ်နဲ့အတူ စက်တင်ဘာ ၁ ရက်က ဇမ္ဗူသီရိမြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ရဲ့ ထွက်ဆိုချက်အရ ဒေးဒရဲမြို့၊ အမှတ် ၂ ရပ်ကွက်နေ အောင်ဇော်ကို စက်တင်ဘာ ၂ ရက် ညပိုင်းမှာ ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း ၃ ကျေးရွာမှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အဲဒီအမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ အဓိကတရားခံတွေဖြစ်တဲ့ တရားခံ သိန်းဇော်နဲ့ သောင်းဝင်းအောင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန် (သေဒဏ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ထောင်ဒဏ်နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၁၆ အရ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးကျခံစေပြီး ပြစ်ဒဏ်တွေကို သီးခြားစီ ကျခံစေဖို့ ဇန်နဝါရီ ၂၈ ရက်မှာ ဥတ္တရခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လုယက်ပစ္စည်းတွေ ရောင်းချရာမှာ ပူးပေါင်းပါဝင်ကူညီခဲ့ကြတဲ့ တရားခံ အောင်ကိုဦး၊ နန်းရွှေစင်နဲ့ အောင်ဇော် တို့ကို ရာဇသတ်ကြီးပုဒ်မ ၄၁၄ အရ ထောင်ဒဏ် ၃ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ ထောင်ဒဏ် ၆ လစီ အသီးသီးကျခံစေဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013