
အဏုမြူသိပ္ပံပညာရှင်တွေဟာ ကမ္ဘာပျက်ကိန်းပြနာရီ (Doomsday Clock) ကို သန်းခေါင်ယံရောက်ဖို့ ၈၅ စက္ကန့်အလိုအထိ ဇန်နဝါရီ ၂၇ ရက်မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဒါဟာ ကမ္ဘာကြီးပျက်စီးကိန်းအခြေအနေနဲ့ အနီးစပ်ဆုံးအချိန်ကို ရောက်ရှိသွားတာဖြစ်ပြီး မနှစ်ကထက် ၄ စက္ကန့် ပိုတိုးလာတာပါ။
ဒီလို အန္တရာယ်ပိုနီးကပ်လာရတာဟာ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့လို နျူကလီးယား အင်အားကြီး နိုင်ငံတွေရဲ့ ရန်လိုတဲ့ အပြုအမူတွေကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အာဏာပြန်ရလာပြီးနောက်ပိုင်း အနောက်ကမ္ဘာခြမ်းမှာ တင်းမာမှုတွေ မြင့်တက်လာတာကလည်း အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဉာဏ်ရည်တုနည်းပညာ (AI) ကို စစ်ရေးမှာ စည်းကမ်းမဲ့ အသုံးချလာတာနဲ့ သတင်းအမှား ဖြန့်ဝေမှုတွေကလည်း ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်ကို ဖိတ်ခေါ်နေပါတယ်။
ဇီဝလက်နက်အန္တရာယ်တွေနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အကျပ်အတည်းတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကိုလည်း သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။
ဒီနာရီကို ၁၉၄၇ ခုနှစ်ကတည်းက လူသားတွေ ကမ္ဘာပျက်ကိန်းနဲ့ ဘယ်လောက်နီးနေပြီလဲဆိုတာ သတိပေးဖို့ စတင်ဖန်တီးခဲ့တာပါ။
ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ နာရီလက်တံကို သန်းခေါင်ယံနဲ့ ပိုနီးကပ်အောင် ရွှေ့ဆိုင်းခဲ့တာ ဒါဟာ ၃ ကြိမ်မြောက် ဖြစ်ပါတယ်။
Doomsday Clock (ကမ္ဘာပျက်ကိန်းပြနာရီ) ဆိုတာ တကယ့်အချိန်ကိုပြတဲ့ လူအများအသုံးပြုနေတဲ့ နာရီလိုတော့ မဟုတ်ပါဘူး။ လူသားတွေဖန်တီးတဲ့ ဘေးအန္တရာယ်တွေကြောင့် ကမ္ဘာကြီးပျက်စီးဖို့ ဘယ်လောက်နီးကပ်နေပြီလဲ ဆိုတာကို ပြတဲ့ သင်္ကေတ တခုသာ ဖြစ်ပါတယ်။
ဒီနာရီမှာ သန်းခေါင်ယံကို ကမ္ဘာပျက်မဲ့အချိန် ဒါမှမဟုတ် လူသားမျိုးနွယ်တွေ မျိုးတုံးမဲ့အချိန်လို့ သတ်မှတ်ထားပါတယ်။
လူသားတွေ သတိရှိလာအောင်နဲ့ ကမ္ဘာကြီးပျက်စီးမဲ့ဘေးက ဝိုင်းဝန်းကာကွယ်ကြဖို့ သတိပေး ခေါင်းလောင်းထိုးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ကမ္ဘာပျက်ကိန်းပြနာရီရဲ့ စက္ကန့်တွေဟာလည်း အိမ်မှာရှိတဲ့ နာရီတွေလို တစက္ကန့်ချင်းစီ ပုံမှန်သွားနေတာ မဟုတ်ဘဲ ကမ္ဘာကြီးရဲ့ အန္တရာယ်အခြေအနေ၊ အန္တရာယ်အတိုင်းအတာကို ပြတဲ့ သဘောမျိုးပါ။
တကယ်လို့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်လာရင်တော့ နာရီလက်တံကို နောက်ပြန်ဆုတ်လေ့ ရှိပါတယ်။
Source: Reuters











