DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ချေးငွေလိမ်လည်သည့် ကုမ္ပဏီပိုင်ရှင်နှင့် အပေါင်းပါများကို ထောင်ဒဏ် စုစုပေါင်း နှစ်  ၁,၂၁၀ ချမှတ်
DVB
·
January 28, 2026
ထိုင်းတွင် ချေးငွေလိမ်လည်သည့် ကုမ္ပဏီပိုင်ရှင်နှင့် အပေါင်းပါများကို ထောင်ဒဏ် စုစုပေါင်း နှစ်  ၁,၂၁၀ ချမှတ်
Donate to DVB

ထိုင်းနိုင်ငံမှာ အများပြည်သူတွေကို လိမ်လည်ငွေတိုးချေးတာ၊ လိမ်လည်ရင်းနှီးမြှုပ်နှံတာတွေ ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီပိုင်ရှင်နဲ့ အပေါင်းပါတွေကို ထိုင်းတရားရုံးက ထောင်ဒဏ် အနည်းဆုံး ၁၀၁ နှစ်မှ အမြင့်ဆုံး ၁,၂၁၀ နှစ်ထိ အသီးသီးချမှတ်ခဲ့ပါတယ်။

Nuea Lok ကုမ္ပဏီနဲ့ Web Sawasdee Public ကုမွဏီတို့ဟာ လွန်ခဲ့တဲ့ ၄ နှစ်က “Return Goldness to the land” ဆိုတဲ့ ရွှေမြေယာထူထောင်ရေး စီမံကိန်းတခုကို ဆောင်ရွက်ခဲ့ပြီး နာမည်ကြီး ကုန်အမှတ်တံဆိပ်ပါ သားရေအိတ်လို ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတာ၊ ရင်းနှီးမြှုပ်နှံမှု ရှယ်ယာတွေ ဖိတ်ခေါ်တာနဲ့ ငွေအရင်းအနှီးလုပ်ဖို့ အတိုးများများနဲ့ ပြည်သူတွေထံ ငွေချေးယူတာတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံငွေ ထည့်ထားသူတွေ၊ ငွေတိုးချေးပေးထားသူတွေဟာ ကုမ္ပဏီက ပြောထားတဲ့အတိုင်း အမြတ်အစွန်းတွေ၊ အတိုးငွေတွေ မရခဲ့ဘဲ ငွေဘတ်သန်းပေါင်း ၁,၀၀၀ ကျော် ဆုံးရှုံးခဲ့ရတာကြောင့် နစ်နာသူပေါင်း ၃၂၁ ယောက် စုပေါင်းပြီး အဆိုပါကုမ္ပဏီကို စစ်ဆေးအရေးယူပေးဖို့ သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။

တာဝန်ရှိသူတွေက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး အမှတ် ၁ ဒေသ စီးပွားရေးနဲ့ အရင်းအမြစ်ဆိုင်ရာ ရာဇဝတ်မှု နှိမ်နင်းရေးဌာန အစိုးရရှေ့နေတွေက အဆိုပါကုမ္ပဏီကို တရားစွဲခဲ့ပါတယ်။

အဆိုပါအမှုကို ဘန်ကောက်၊ ရာ့ချ်ဒါးဖိဆစ် ရာဇဝတ်မှုဆိုင်ရာ တရားရုံးက အကြိမ်ကြိမ် ရုံးချိန်း စစ်ဆေးပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်က အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

ရာဇဝတ်မှုဆိုင်ရာ တရားသူကြီးက နိုလုတ်ခ်နဲ့ ဝက်ပ်ဆဝဒီကုမ္ပဏီကိုလည်းကောင်း၊ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ရွှေမြေယာထူထောင်ရေးစီမံကိန်း ဥက္ကဋ္ဌ နိုင်းပရဆစ်ကျိုခုတ် ကိုလည်းကောင်း၊ ကုမ္ပဏီနဲ့ စီမံကိန်းမှာ ပါဝင်ပတ်သက်နေသူ အပေါင်းပါ ၈ ယောက်ကို လည်းကောင်း အများပြည်သူအား ပူးပေါင်းလိမ်လည်မှု၊ တရားမဝင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာ လိမ်လည်မှု၊ တရားမဝင် ငွေတိုးချေးငှားပြီး လိမ်ယူမှု၊ မဟုတ်မမှန် အချက်အလက်တွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေတဲ့ ကွန်ပြူတာဥပဒေငြိစွန်းမှု စတဲ့ပြစ်မှုတွေနဲ့ ထောင်ဒဏ် ငွေဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုငွေ ဘတ်သန်းပေါင်း ၁,၀၀၀ ကျော် ပြန်ပေးဖို့၊ စီမံကိန်းဥက္ကဋ္ဌ နိုင်းပရဆစ် အပါအဝင် တာဝန်အရှိဆုံးသူ ၃ ယောက်ကို ဒဏ်ငွေ ဘတ် ၅ သိန်းစီ ပေးဆောင်ရမဲ့အပြင် ပြစ်ဒဏ်အသီးသီးအတွက် စုစုပေါင်းထောင်ဒဏ် ၁,၂၁၀ နှစ် ချမှတ်လိုက်ပါတယ်။

ကျန်တဲ့ အပေါင်းပါ ၆ ယောက်တို့မှာ ပါဝင်ပတ်သက်မှုပေါ် မူတည်ပြီး သက်ဆိုင်ရာ ပြစ်မှုတွေအတွက် ထောင်ဒဏ်နှစ်ပေါင်း ၁၀၀ ကျော်စီ ချမှတ်ခဲ့တယ်။

ဒါပေမဲ့ လျော့ပေါ့မှုတွေ တွက်ချက်ပြီး ထောင်ဒဏ် အနှစ် ၂၀ သာ ကျခံရတော့မယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: ThaiPBS / Bright TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013