
ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရှည်ကြာဆုံးအဖြစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ ဇန်နဝါရီ အစောပိုင်းက လျှပ်စစ်ဓာတ်အား ပြတ်အောင်လုပ်သူတွေအား ဖမ်းဆီးဖို့ သတင်းပေးသူကို ယူရို ၁ သန်း ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒား ဒိုဘရင်ဒ်က ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။
“လက်ဝဲ အစွန်းရောက် ဝါဒကို တိုက်ဖျက်ဖို့ ကျနော်တို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်” လို့ သူက သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဂျာမနီမြို့တော်ရဲ့ ချမ်းသာတဲ့ ဇီလန်ဒေါ့ဖ်ခရိုင်လို အနောက်တောင်ပိုင်းခရိုင်တွေမှာ လျှပ်စစ်ဓာတ်အား ပြန်ရဖို့ အချိန် လေးရက်ကြာခဲ့ပါတယ်။
“ဘာလင်မြို့တော်က ဓာတ်အားထောက်ပံ့မှုကို အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ အိမ်ထောင်စု ၄၅,၀၀၀၊ လူ ၁ သိန်းကျော်၊ ထောင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းတွေ၊ ဆေးရုံတွေနဲ့ ဘာလင်မြို့တော်က စောင့်ရှောက်ရေးဌာနတွေမှာ ရက်အတော်ကြာ လျှပ်စစ်ဓာတ်အားနဲ့ အပူပေးစက်တွေ ပြတ်တောက်ခဲ့ရတာကို အားလုံး မှတ်မိကြမှာပါ” လို့ ဒိုဘရင်ဒ်က ပြန်ပြောပြ ပါတယ်။
မိုဘိုင်းဖုန်းချိတ်ဆက်မှုတွေ၊ အပူပေးစနစ်နဲ့ ရထားဆက်သွယ်ရေးတွေပါ ပြတ်တောက်မှုဒဏ်ကို ခံစားနေရတဲ့ ဒေသခံတွေကို ကူညီဖို့ ဂျာမန်စစ်တပ်ကို ခေါ်ယူခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်မှာ ဘာလင်မြို့ပြင် တက်စ်လာ ကုမ္ပဏီရဲ့ စက်ရုံအနားက ဓာတ်အားတိုင်တခု တိုက်ခိုက်ခဲ့မှုကို အစွန်းရောက်လက်ဝဲ မီးတောင်လှုပ်ရှားတက်ကြွသူအဖွဲ့က သူတို့လက်ချက်အဖြစ် ကြေညာခဲ့ဖူးပါတယ်။
Source:Reuters











