DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာ အထက ၁ တွင် ကျောင်းသားချင်းခိုက်ရန်ဖြစ်ပြီး G-7 ကျောင်းသား ၁ ဦး သေဆုံး
DVB
·
January 28, 2026
ရွှေပြည်သာ အထက ၁ တွင် ကျောင်းသားချင်းခိုက်ရန်ဖြစ်ပြီး G-7 ကျောင်းသား ၁ ဦး သေဆုံး
Donate to DVB

ရန်ကုန်၊ ရွှေပြည်သာမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ ဇန်နဝါရီ ၂၇ ရက် မနက် ၁၁ နာရီခွဲက ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ရာက Grade 7 ကျောင်းသားတယောက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့မနက်က ကျောင်းမုန့်စားဆင်းချိန် Grade 8 နဲ့ Grade 7 ကျောင်းသားတွေ ခိုက်ရန်ဖြစ်ပြီး ထိုးကြိတ်ရာက Grade 7 ကျောင်းသားတယောက် သေဆုံးသွားတာလို့ အမှတ် ၆ ရပ်ကွက်နေသူ တယောက်က DVB ကို ပြောပါတယ်။

“မုန့်စားဆင်းချိန် ကျောင်းသားအချင်းချင်း စကားများပြီး ထိုးကြိတ်ကြတယ်။ Grade 8 က ကျောင်းသားတွေ ထိုးလို့ Grade 7 က ကျောင်းသားတယောက် သေသွားတယ်။ သေရတဲ့ အကြောင်းအရင်းက ထိုးခံရတဲ့ကောင်လေးမှာ နှလုံးရောဂါရှိလို့ အသက်ရှူကျပ်ပြီး သေသွားတယ်။ ရန်ဖြစ်နေတဲ့အချိန်ရော သေတဲ့အချိန်ရော ဆရာ၊ ဆရာမ မရှိဘူး၊ သေသွားမှသိတာ။ ဖြစ်တဲ့အချိန်မှာ ကျောင်းသားတယောက်က ဖုန်းနဲ့ ဗီဒီယိုရိုက်ထားလို့ မိဘတွေသိတာ။ အထက ၁ ကျောင်းက ကျနော်တို့နားတင်။”

သေဆုံးသူမှာ Grade 7 မှာ တက်ရောက်နေသူ မောင်သူရိန်မိုး ဖြစ်ပြီး ကျောင်းဘက်က တာဝန်ရှိသူတွေက ဘောလုံးကန်ရင်း သေဆုံးတယ်လို့ လိမ်လည်ခဲ့ပြီး မနေ့ညနေကတော့ Tiktok လူမှုကွန်ရက်မှာ ရွှေပြည်သာ အထက ၁ ကျောင်းသားတွေ ခိုက်ရန်ဖြစ်တဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့လာတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အထက ၁ ကျောင်းအုပ်နဲ့တကွ အတန်းပိုင်ဆရာတွေ ဖြေရှင်းနေရပြီး အခုချိန်ထိ သတင်းအမှန်ကို ထုတ်ပြန်တာ မရှိသေးဘူးလို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။

“ဒီလောက် ကျောင်းထဲမှာ အုပ်စုဖွဲ့ ရန်ဖြစ်နေတာ ဆရာမတွေ မသိဘူးဆိုတော့ လွန်တာပေါ့။ ကျောင်းက ဆရာမတွေအနေနဲ့ စာသင်ချိန်မှာ ဖုန်းပဲသုံးမနေချင်ဘူး၊ ကိုယ့်အတန်းက တပည့်တွေ ဘယ်လိုအခြေအနေရှိလဲဆိုတာ လေ့လာသင့်တယ်။ အခုဖြစ်တဲ့ကိစ္စလည်း မိဘတွေ အကုန်လုံး စိတ်ပူနေတယ်။ ကျောင်းဘက်က သတင်းအမှန် မထုတ်ပြန်ဘူး။ အဲ့သတင်းကြားပြီး ကိုယ့်ကလေးကို ကျောင်းလွှတ်ရမှာတောင် ကြောက်လာတယ်။”

စစ်တပ် အာဏာသိမ်းပြီးနောက် ပညာရေးစနစ် နိမ့်ကျလာပြီး ပညာရေးထက် ကျောင်းသားတွေ ပျော်ရွှင်ရေးကို ဦးစားပေးနေတဲ့အတွက် ကျောင်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲတာ၊ ခိုက်ရန်ဖြစ်ပွားတာကြောင့် သေဆုံးသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သြဂုတ် ၇ ရက် မနက်ကလည်း လှည်းကူးမြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းထိုးခဲ့ရာ ၂ ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ပညာသင်နှစ်အတွင်း ရန်ကုန်တိုင်း တောင်ဒဂုံ၊ သန်လျင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံမြို့က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ရန်ဖြစ်မှုတွေကြောင့် ကျောင်းသား ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013