DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုကို ထောက်ခံဟု တရုတ်ပြော
DVB
·
January 27, 2026
ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုကို ထောက်ခံဟု တရုတ်ပြော
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံရေးအခြေအနေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး တည်ငြိမ်မှု ထိန်းသိမ်းနိုင်ရေးကို ထောက်ခံကြောင်း တရုတ်အစိုးရက ပြောပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Bloomberg News သတင်းထောက်ရဲ့ မေးမြန်းမှုကို ဖြေကြားချိန်မှာ အခုလို ပြောဆိုသွားတာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲပေးသူနည်းပါးခဲ့သလို ဖိအားပေး မဲပေးခိုင်းတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ တရုတ်အစိုးရကတော့ စစ်ကောင်စီရဲ့ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ပြီးစီးမှုနဲ့ပတ်သက်ပြီး အပြုသဘောနဲ့ ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်း ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်ငန်းစဉ်က တည်ငြိမ်၊ စနစ်တကျဖြစ်ခဲ့ပြီး မဲဆန္ဒရှင်တွေက တက်ကြွစွာပါဝင်မဲပေးခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့  တရုတ်နိုင်ငံက ဂုဏ်ပြုအပ်ပါတယ်။ တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်‌ရေးမူကြီး ၅ ရပ်ကို အစဉ်အမြဲ ခိုင်မာစွာ လိုက်နာကျင့်သုံးနေပါတယ်၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုပါ၊ မိမိတို့ဟာ အိမ်နီးချင်းကောင်းအနေနဲ့ မြန်မာနိုင်ငံဘက်အသီးသီးက ရွေးကောက်ပွဲမှတဆင့် ပိုမိုကျယ်ပြန့်ခိုင်မာ တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအား အကောင်အထည်ဖော်ကာ အခြေအနေအမြန်ဆုံးပြန်လည်ကောင်းမွန်လာပြီး နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုအား အတူတကွထိန်းသိမ်းနိုင်ကြဖို့ ထောက်ခံပါတယ်။”

ရွေးကောက်ပွဲကို တရုတ်နဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ လေ့လာစောင့်ကြည့်ခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာတွေကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပြီး တရုတ်–မြန်မာ ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစေမှာဖြစ်ပြီး နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားမယ်လို့လည်း Bloomberg News သတင်းထောက်ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ရွေးကောက်ပွဲအလွန်မှာ မြန်မာစစ်တပ်က နိုင်ငံရေးအရ အရေးပါမှုအပြင် ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်မှုတွေ ပိုတိုးမြှင့်လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013