DVB Logo
Home
နိုင်ငံတကာ
ဆေးကုနေသည့် ဆန္ဒပြသူများကိုပါ အီရန်အစိုးရ ဖမ်းဆီးနေဟု ကုလကျွမ်းကျင်သူ ပြော
DVB
·
January 27, 2026
ဆေးကုနေသည့် ဆန္ဒပြသူများကိုပါ အီရန်အစိုးရ ဖမ်းဆီးနေဟု ကုလကျွမ်းကျင်သူ ပြော
Donate to DVB

အီရန်လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်နေတဲ့ ဆန္ဒပြသူတွေကို ဆေးရုံတွေကနေ ဖယ်ရှားပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ သတင်းတွေ ရထားတယ်လို့ အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတယောက်က ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ဒါဟာ နိုင်ငံတကာဥပဒေအရ ဆေးကုသမှုခံယူခွင့်ကို အဓိက ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ အီရန်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မိုင်ဆာတိုက ရိုက်တာသတင်းဌာနနဲ့ ဗီဒီယိုလင့်ခ်ကတဆင့် အင်တာဗျူးတခုမှာ ပြောခဲ့တာပါ။

မိသားစုတွေဟာ သူတို့ချစ်ရသူတွေရဲ့ အလောင်းတွေကို ပြန်ရဖို့ အမေရိကန်ဒေါ်လာ ၅,၀၀၀ ကနေ ၇,၀၀၀ အထိ ပြန်ပေးငွေတောင်းတာကို ရင်ဆိုင်နေရပြီး အီရန်ရဲ့ တိုးပွားလာတဲ့ စီးပွားရေးပြဿနာတွေကြားမှာ ပြန်ရွေးငွေဟာ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေပါတယ်။

ဒီဇင်ဘာလကစပြီး အီရန်တဝန်း ပျံ့နှံ့သွားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ် တော်လှန်ရေး နောက်ပိုင်းမှာ အာဏာပိုင်တွေရဲ့ သွေးထွက်သံယိုမှု အများဆုံး နှိမ်နင်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံတကာက ရှုတ်ချတာကို ခံခဲ့ရပါတယ်။

အီရန်ဟာ ဇန်နဝါရီ ၈ ရက်ကစပြီး အင်တာနက်အသုံးပြုခွင့်ကို ပိတ်ပင်ထားပါတယ်။ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA က မငြိမ်မသက်မှုနဲ့ ဆက်စပ်တဲ့ သေဆုံးသူဦးရေ စုစုပေါင်းဟာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁၄ ယောက် အပါအဝင် ၅,၉၃၇ ယောက်လို့ ဖော်ပြခဲ့ပါတယ်။

အီရန်အစိုးရရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သေဆုံးသူဦးရေက ၃,၁၁၇ ယောက် ဖြစ်နေပါတယ်။ ကိန်းဂဏန်းတွေကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။

သေဆုံးသူဦးရေကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပေမဲ့ ထိခိုက်သေဆုံးသူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများကြီးပိုမယ်လို့ ယုံတယ်လို့ မိုင်ဆာတိုက ပြောပါတယ်။

အီရန်နိုင်ငံတဝန်းက ပြည်နယ်အများအပြားမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ပြီး နောက်တနေ့မှာ မိသားစုတွေ ရောက်လာတဲ့အခါ သူတို့ရဲ့ မိသားစုဝင်တွေ မရှိတော့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဂျီနီဗာမြို့က အီရန်သံရုံးကလည်း အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။

အမည်မဖော်လိုတဲ့ အီရန်က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အစီရင်ခံစာတချို့ကို အတည်ပြုခဲ့ပါတယ်။

မြောက်ပိုင်း ရပ်ရှ်မြို့က ဆရာဝန်တယောက်က “သေနတ်ဒဏ်ရာတွေနဲ့ လူနာတွေ အများကြီး ဆေးရုံမှာ ရှိနေကြတယ်၊ သူတို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး တော်လှန်ရေးအစောင့်တပ်တွေက သူတို့အားလုံးကို ခေါ်သွားခဲ့တယ်၊ ဘာဆက်ဖြစ်လဲ ဆိုတာကို ကျနော်တို့ မသိပါဘူး” လို့ ပြောပါတယ်။

မြို့တော် တီဟီရန်ရဲ့ ဆေးရုံတွေက သူနာပြုတယောက်နဲ့ ဆရာဝန် ၂ ယောက်ကလည်း တော်လှန်ရေးအစောင့်တပ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆေးရုံတက်ပြီးတဲ့နောက် ဆေးရုံကနေ ဆင်းခွင့်ရသွားတဲ့ ဆန္ဒပြသူတွေရဲ့ မှတ်တမ်းတွေကို ရှာဖို့ အဆောက်အအုံတွေဆီ သွားခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သူတို့က ဆေးရုံထဲက အခန်းတိုင်းကိုတောင် စစ်ဆေးပြီး ဒဏ်ရာရ ဆန္ဒပြသူတွေကို ရှာခဲ့ကြတယ်လို့ သူနာပြုတယောက်က ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013