DVB Logo
Home
နိုင်ငံတကာ
ဆောင်းရာသီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတဝန်း ဆီးနှင်းနှင့် ရေခဲများ ဖုံးလွှမ်းနေ
DVB
·
January 26, 2026
ဆောင်းရာသီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတဝန်း ဆီးနှင်းနှင့် ရေခဲများ ဖုံးလွှမ်းနေ
Donate to DVB

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ကနေ နယူးအင်္ဂလန်ပြည်နယ်အထိ အတော်ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၇ ယောက် ရှိလာခဲ့ပါတယ်။

အခုလိုမျိုး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် နိုင်ငံတဝန်းက ကျောင်းတွေနဲ့ လမ်းတွေကို ပိတ်ထားရပါတယ်။

အထူးသဖြင့် ရေခဲ၊ ဆီးနှင်းနဲ့အတူ လေပြင်းတွေကြောင့် လေကြောင်းခရီးစဉ်ပေါင်း ၁၁,၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရသလို အိမ်ထောင်စုပေါင်း ၈ သိန်းကျော်ကလည်း လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီနောက် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကတ်သီဟိုကိုလ်ကတော့ နှစ်ပေါင်းများစွာအတွင်း အရှည်ကြာဆုံးသော အေးခဲကာလနဲ့ နှင်းအများဆုံးကျမဲ့ အခြေအနေကို ရောက်လာနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။

ဒါ့အပြင် ကော်လိုရာဒို၊ အီလီနွိုက်စ်၊ အင်ဒီယားနား၊ မစ်ဆိုရီ၊ နယူးဂျာစီနဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာပါ နှင်းထု ၁၂ လက်မ ဒါမှမဟုတ် တပေထက်မက ကျဆင်းခဲ့ကြောင်း သိရပါတယ်။

လက်ရှိ မုန်တိုင်းဟာ အမေရိကန်လူဦးရေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ သန်း ၁၈၀ အပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

အလားတူ ဆီးနှင်းထူထဲစွာကျတာ၊ နှင်းနဲ့မိုး ရောပြွမ်းရွာသွန်းတာမျိုး (Sleet) အပါအဝင် အေးခဲတဲ့ အခြေအနေတွေဟာ နေရာအနှံ့အပြားမှာ ရက်နဲ့ချီအောင် ဆက်ရှိနေနိုင်ပါတယ်။

ကနေဒါနိုင်ငံသားတွေကလည်း အကြီးအကျယ် ဆီးနှင်းကျဆင်းမှုနဲ့ ကြုံတွေ့နေရတဲ့အလျောက် လေယာဉ်ခရီးစဉ်ပေါင်း ရာနဲ့ချီကို ရပ်နားထားရပါတယ်။

ဒါကြောင့် အွန်တေရီယိုပြည်နယ်မှာဆိုရင် နှင်းထု ၅ လက်မကနေ ၁၁ လက်မ နီးပါးအထိ ရှိနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

ဒီလိုမျိုး မုန်တိုင်းကြီး ဖြစ်ပေါ်လာရတာဟာ “Polar Vortex” ဆိုတဲ့ “ဝင်ရိုးစွန်းလေဝဲ” ကြောင့် ဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

ဒါဟာ ဆောင်းရာသီရောက်တိုင်း အာတိတ်ဒေသရဲ့ အထက်ကောင်းကင်ယံမှာ အလွန်အေးမြတဲ့ လေထုနဲ့ အနောက်ဘက်ကလာတဲ့ လေပြင်းတွေကို စုဝေးမိတဲ့အခါမျိုးမှာ ပေါ်ပေါက်လေ့ ရှိပါတယ်။

တချိန်တည်းမှာ ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေပါ မြင့်တက်လာတာကြောင့် ဒီ “ဝင်ရိုးစွန်းလေဝဲ” ရဲ့ သဘောသဘာဝကို ပြောင်းလဲစေခဲ့တယ်ဆိုပြီး ပညာရှင်တချို့က ကောက်ချက်ချထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013