
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေကို စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းပြီး ပါလာတဲ့ ငွေနဲ့ ပစ္စည်းတွေကိုလည်း ခြိမ်းခြောက် လုယက်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ ဖားကန့်ဒေသကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးတဲ့နောက် သူတို့တပ်တွေ တပ်စွဲထားတဲ့ လုံးခင်းနဲ့ မှော်ဆီဆာ တဝိုက်မှာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ ပါလာတဲ့ စည်းစိမ်ဥစ္စာတွေကို လုယူတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လမ်းသွားလမ်းလာ ပြည်သူတွေဆီက ပစ္စည်းဥစ္စာတွေ ဓားပြတိုက်ယူတယ်။ ဆိုင်ကယ်တွေ့ရင် ဆိုင်ကယ် ဓားပြတိုက်တယ်။ ဖုန်းတွေ ဓားပြတိုက်ယူတယ်။ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်တွေ ဖြုတ်ယူတယ်။ ပြီးရင် ပိုက်ဆံတွေလည်း လုတယ်။ ပြည်သူတွေရဲ့ ကျောက်တွေလည်း သိမ်းတယ်။ အဲလိုနဲ့ သူတို့ ဓားပြတိုက်နေတယ်။ တခါတလေ ကားတွေပါ လုနေတာ” လို့ ပြောပါတယ်။
မေ ၂၆ ရက် ညနေ ၃ နာရီဝန်းကျင်လောက်မှာလည်း လုံးခင်း Jade Love စားသောက်ဆိုင်အနီးမှာ စစ်တပ်ကလို့ ဆိုပြီး စစ်ဆေးရေးပြုလုပ်ကာ ကားပိုင်ရှင်တယောက်ဆီက ကျပ်သိန်း ၅၀ ယူသွားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်း နေ့တိုင်းနီးပါး စစ်အာဏာရှင်တပ်တွေ တပ်စွဲထားတဲ့ လုံးခင်းနဲ့ မှော်ဆီဆာတဝိုက် ပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ ပစ္စည်းဥစ္စာတွေ လုယူတာတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ စစ်ရေးကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်နေရတဲ့အချိန် စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် ဖားကန့်ပြည်သူတွေဟာ နေ့စဉ် သွားလာရှင်သန်ဖို့ ပိုပြီး ကျပ်တည်းမှုကို ကြုံတွေ့နေရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ဖားကန့် လုံးခင်း တိုက်နယ်ဆေးရုံဟောင်းလို နေရာတွေမှာ အခိုင်အမာတပ်စွဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့က ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လုယူ ဓားပြတိုက်နေပြီး ပြည်သူတွေကိုပဲ လူသားဒိုင်း လုပ်ထားတာ။ အခုရက်ပိုင်းမှာ ဖားကန့်ကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေရယ် မင်းဇေသန့်ရဲ့ ဝါရာဇွပ် ပြည်သူ့စစ် ပြီးရင် ရှမ်းနီပြည်သူ့စစ် ဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ လီဆူးပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေက ဖားကန့် လုံးခင်း၊ မှော်ဆီဆာတဝိုက်က ပြည်သူတွေကို လူသားဒိုင်းတွေ လုပ်ထားတယ်။ ပြည်သူတွေနေအိမ်မှာ တက်နေတယ်။”
စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ကားမိုင်း-နန့်ယားလမ်းကို အသုံးပြုပြီး ဖားကန့်ဒေသထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာကြတဲ့ စစ်ကြောင်းတွေဖြစ်ပြီး လုံးခင်း၊ မှော်ဆီစာ ကျေးရွာတွေမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။
ဟန်န










