
ဟာဝိုင်ယီပြည်နယ်က ကီလာဝေရာမီးတောင်ကြီးဟာ ဇန်နဝါရီ ၂၄ ရက်မှာ ထပ်မံ ပေါက်ကွဲခဲ့ပါတယ်။
မီးတောင်ထိပ်ဝကနေ ပြာတွေ၊ ကျောက်ခဲတွေနဲ့ ချော်ရည်ပူတွေဟာ ကောင်းကင်ယံအထိ ပန်းထွက်လာခဲ့တာကို တွေ့မြင်ရပါတယ်။
အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS) ကတော့ ဒါဟာ ၄၁ ကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၀ မိနစ်လောက်မှာ စတင်ခဲ့တာပါ။ မီးတောင်ချော်ရည် ပန်းထွက်မှုဟာ အမြင့်ပေ ၁,၅၇၅ (မီတာ ၄၈၀) အထိ ရှိခဲ့ပါတယ်။
USGS ရဲ့ အချက်အလက်တွေအရ ကီလာဝေရာဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်ကတည်းက ရပ်လိုက်၊ ဖြစ်လိုက်နဲ့ ဆက်တိုက် ပေါက်ကွဲနေတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် ဟာလေမောင်မောင် (Halema‘uma‘u) မီးတောင်ဝမှာရှိတဲ့ မြောက်ဘက်နဲ့ တောင်ဘက် အပေါက်နှစ်ခုကနေ ပေါက်ကွဲနေတာပါ။
ကီလာဝေရာဟာ ကမ္ဘာပေါ်မှာ လှုပ်ရှားမှုအများဆုံး မီးတောင်တွေထဲက တခုဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးတောင်ပြာမှုန်တွေ ကျရောက်နိုင်တဲ့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြည်သူတွေကို သတိထားသွားလာဖို့ သတိပေးထားပါတယ်။
Source: Reuters











