DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံးတွင် မြန်မာလျှောက်လဲချက်ကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်
DVB
·
January 25, 2026
ICJ တရားရုံးတွင် မြန်မာလျှောက်လဲချက်ကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (IJC) မှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံဘက်က လျှောက်လဲချက်တွေမှာ ရခိုင်ပြည်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ ဖော်ပြတာ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကိုလည်း အကြမ်းဖက်သမားတွေကို ရှင်းလင်းခြင်းလို့ လျှောက်လဲတာတွေဟာ  မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တရားဝင်အောင် ပြုလုပ်နေတာဖြစ်ပြီး သူတို့ရဲ့ လူမဆန်တဲ့ ပြစ်မှုတွေကို အာရုံလွှဲဖို့ ကြိုးပမ်းခြင်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ၁၇၈၅ ခုနှစ် ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်မလာခင်ကတည်းက ရခိုင်ပြည်မှာ ရာစုနှစ်တွေနဲ့ချီ နေထိုင်လာကြတာဖြစ်ပြီး ဘင်္ဂါလီနဲ့ ရိုဟင်ဂျာတို့မှာ ဘာသာစကား ဆင်တူမှု ရှိကြပေမဲ့လည်း စစ်တကောင်း ဒိုင်ယာလက်ကတဆင့် ကွဲပြားခြားနားမှု ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရခိုင်ပြည်က ရိုဟင်ဂျာတွေဟာ မြို့ဟောင်း၊ မြောက်ဦး၊ ရိုဟန်း ဒေသတို့မှာ နေထိုင်ခဲ့ကြပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ်မှာ ရိုဟောင်း/ရိုရှန် ဒေသလို ခေါ်ဆိုခဲ့ကြကာ အဲဒီကတဆင့် မြန်မာနိုင်ငံမှာ ဖိနှိပ်မှုခံလာရတဲ့အတွက် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို လက်ခံ အသုံးပြုလာခဲ့ကြတာလို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။

လက်ရှိ စစ်ကောင်စီအပါအဝင် မြန်မာအစိုးရအဆက်ဆက်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိကြောင်းနဲ့ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်ဘူးလို့ အခိုင်အမာ ပြောထားပါတယ်။ 

၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ သိန်းခန့် ရခိုင်ပြည်နယ်ကို ခိုလှုံခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့ ပြောဆိုချက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က  တရားဝင်ကန့်ကွက်ပြီး သက်သေအထောက်အထား မခိုင်လုံတဲ့ ပြောဆိုချက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေကို ညီမျှတဲ့ နိုင်ငံသားအဖြစ် ပါဝင်ခွင့်၊ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ဖို့ အဆက်မပြတ် ငြင်းပယ်နေတာဟာ လူမျိုးအဖြစ် ဖျက်ဆီးဖို့ အစီအစဉ်တွေရဲ့ နောက်ဆုံးအဆင့်ဖြစ်ပြီး ရခိုင်ပြည်က ထုတ်ပယ်ကာ နိုင်ငံမဲ့အဖြစ် ဖြစ်စေဖို့ မြန်မာအစိုးရက လုပ်ဆောင်နေတာလို့ စွပ်စွဲ ပြောထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ၁၉၇၈ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက်မှာလည်း မြန်မာနိုင်ငံရဲ့ တရားဝင်နေထိုင်သူတွေအဖြစ် လက်ခံပြီး ညီမျှတဲ့ လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းရေးကို မြန်မာနိုင်ငံက အာမခံခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၇-၂၀၁၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံ သဘောတူညီချက်တွေမှာလည်း ရိုဟင်ဂျာ ပြန်လည်လက်ခံရေးအတွက် ရခိုင်ပြည်မှာ သင့်လျော်တဲ့နေရာ ဖန်တီးပေးဖို့ မြန်မာနိုင်ငံရဲ့ တရားဝင် တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ ၈ နှစ်ကျော်ကြာအထိ အကြိမ်ကြိမ် ရှောင်လွှဲနေခြင်းဟာလည်း ထင်ရှားတဲ့ သဘောတူညီချက် ချိုးဖောက်မှုလို့ ဘင်္ဂလားဒေ့ရှ်ဘက်က ထောက်ပြထားပါတယ်။

ရခိုင်ပြည်နယ်ရှိ အာဏာပိုင်တွေ အနေနဲ့လည်း ရိုဟင်ဂျာ လူမှုအဖွဲ့အစည်းရဲ့ နိုင်ငံသားဖြစ်မှုကို အသိအမှတ်ပြုဖို့နဲ့ လုံခြုံမှုအခွင့်အရေးတွေပေးပြီး ပြန်လည်ပေါင်းစည်းရေးကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တောင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြန်လည် တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။

နယ်သာလန်နိုင်ငံရှိ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နောက်ဆုံးကြားနာမှုအဖြစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ၃ ပတ်ကြာ ကြားနာနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013