
စစ်ကောင်စီရဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို တာဝန်ကနားပြီး မူလစစ်ဘက်တာဝန်တွေ ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးတော့ ပြည်ထဲရေးဒုဝန်ကြီးနေရာကို ဒုတိယ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် DSA ၃၇ ကျောင်းဆင်း ဗိုလ်ချုပ်မင်းသူကို အစားထိုးခန့်ထားလိုက်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
DSA ၃၂ ကျောင်းဆင်း ဗိုလ်ချုပ်အောင်ကျော်ကျော်ကို စစ်ခေါင်းဆောင်က နေပြည်တော်ပြန်ခေါ်တာဟာ မကြာမီကာလအတွင်း အစိုးရသစ်လက်ထက်မှာ တပ်တွင်းရာထူးတိုးပြီး နေရာတခုပေးနိုင်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။
“ပြည်ထဲရေးဒုဝန်ကြီးတွေထဲမှာ စစ်ဘက်ပြန်ခေါ်တာဆိုလို့ ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ရယ်၊ ဗိုလ်ချုပ်အောင်ကျော်ကျော်ပဲရှိတယ်။ ဗိုလ်ချုပ်ဇင်မင်းထက်နဲ့ ဗိုလ်ချုပ်တိုးရီဆို အရပ်ဘက် ပို့လိုက်တာ။ အဲဒီထဲမှာ အဆိုးဆုံးက ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ပဲ။ အခုချိန်ထိ သတင်းအစအနကို မကြားရတော့တာ” လို့ ပြောပါတယ်။
အရပ်ဘက်ကနေ စစ်ဘက်ကိုပြန်ခေါ်တာဟာ စစ်ထောက်ချုပ်ဖြစ်သွားတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် DSA ၃၂ ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင် လို ရာထူးတိုး နေရာပေးမယ်လို့ ထင်ကြေးပေးကြသူတွေလည်း ရှိပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာ စစ်ခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်နေရာကို ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ခန့်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် မေလမှာ ဗိုလ်ချုပ်ဇင်မင်းထက်ကို အစားထိုးခန့်ထားခဲ့ပါတယ်။
ဗိုလ်ချုပ်ဇင်မင်းထက်ကိုလည်း ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှာ အနားပေးခဲ့ပြိး ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ပြောင်းလဲခန့်ထားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်မှာတော့ ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်ကို စစ်ခေါင်းဆောင်က အနားပေး စစ်ဘက်ကိုပြန်ခေါ်ခဲ့ပြီး ဗိုလ်ချုပ်တိုးရီကို အစားထိုး ခန့်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ဗိုလ်ချုပ်တိုးရီကို ပြည်ထဲရေးဒုဝန်ကြီးကနေ အနားပေးခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(အောက်မြန်မာပြည်)က ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ခန့်ခဲ့တာဖြစ်ပါတယ်။










