DVB Logo
Home
မြန်မာသတင်း
အမေရိကန်က မြန်မာများအတွက် ယာယီခိုလှုံခွင့် TPS ရပ်ဆိုင်းမည့်အစီအစဉ်ကို ဆိုင်းငံ့
DVB
·
January 24, 2026
အမေရိကန်က မြန်မာများအတွက် ယာယီခိုလှုံခွင့် TPS ရပ်ဆိုင်းမည့်အစီအစဉ်ကို ဆိုင်းငံ့
Donate to DVB

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့် TPS ရပ်ဆိုင်းမဲ့အစီအစဉ်ကို ဆိုင်းငံ့လိုက်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ခရိုင်တရားသူကြီးတယောက်ဖြစ်တဲ့ မက်သရူး အက်ဖ်ကန်နယ်လီက ဇန်နဝါရီ ၂၃ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အမေရိကန်အစိုးရ၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) က ၂၀၂၅ နိုဝင်ဘာ ၂၄ ရက်မှာ မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS ကို ဖျက်သိမ်းကြောင်း ကြေညာထားတာပါ။

လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့က ဂျိမ်းစ်ရွှေ က “တရားရုံးက မြန်မာ TPS ရပ်ဆိုင်းတာကို ရွှေ့ဆိုင်းဖို့ အမိန့်ချလိုက်တယ်။ ဒါက အပြီးသတ် အနိုင်ရတာမဟုတ်သေးပေမဲ့ လက်ရှိအချိန်အတွက်တော့ စိတ်ချရတာပေါ့။ တရားသူကြီးရဲ့သုံးသပ်ချက်မှာ အစိုးရဟာ TPS ကို ရပ်ဆိုင်းဖို့ကြိုးစားရာမှာ ဥပဒေချိုးဖောက်မှုတွေရှိခဲ့တာတွေ့ရတယ်။ DHS ဝန်ကြီး Noem ဟာ ဆုံးဖြတ်ချက်မချခင်မှာ တခြားသက်ဆိုင်ရာဌာနတွေနဲ့ ဥပဒေအရ လိုအပ်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာမရှိဘူး၊ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ ထဲက ၃၂၁ မြို့နယ်မှာ အကြမ်းဖက်မှုတွေဖြစ်နေကြောင်း အစိုးရရဲ့ကိုယ်ပိုင် အစီအရင်ခံစာတွေက ဖော်ပြနေပေမဲ့ အဲဒီအချက်ကို လစ်လျူရှုခဲ့တယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံအများကြီးရဲ့ TPS အစီအစဉ်တွေကို ဥပဒေနဲ့အညီမစစ်ဆေးဘဲ ဖျက်သိမ်းဖို့ကြိုးစားနေတဲ့ အစိုးရရဲ့ ပုံစံခွက်လုပ်ရပ်တခု ဖြစ်နေတယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်” လို့ပြောပါတယ်။

တရားရုံးက လတ်တလောမှာ ဒီအမိန့်ကိုချလိုက်ပေမဲ့ အပြီးသတ်အနိုင်ရတာမဟုတ်သေးဘဲ အစိုးရနဲ့ တရားပြိုင်တွေ အမှုဆိုင်နေတုန်းမှာ လက်ရှိအခြေအနေတွေကိုထိန်းထားဖို့ ယာယီ ရပ်ဆိုင်းတာပဲ ဖြစ်ပါတယ်။

အစိုးရဘက်က တရားရုံးကို အယူခံဝင်မဲ့ အလားအလာရှိနေသေးတဲ့အတွက် TPS သမားတွေဟာ လက်ရှိတရားရုံးအမိန့်စာ Document 51 နဲ့ 52 တို့အပါအဝင် မိမိတို့ရဲ့ စာရွက် စာတမ်းအထောက်အထား၊ အချက်အလက်တွေကို သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

အမှုအခြေအနေအပြောင်းအလဲရှိနိုင်သေးပေမဲ့ TPS သမားတွေဟာ လက်ရှိတရားရုံးအမိန့် အသက်ဝင်နေဆဲကာလမှာ ပြည်နှင်ဒဏ်အပေးခံရဖို့မရှိသလို အလုပ်လုပ်ကိုင်ခွင့် Work Permit ကို ဆက်လက်ရရှိမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတကာကနေ TPS နဲ့ရောက်ရှိနေထိုင်သူ ၁ သန်း ဝန်းကျင်ရှိနေပြီး မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ပါဝင်ပါတယ်။ 

Asian- American Legal Defence and Education Fund (AALDEF) ၊  International Refugee Assistance Project (IRAP) နဲ့ Asian American and Pacific Islanders အဖွဲ့တွေက TPS နဲ့နေထိုင်သူ မြန်မာတွေကိုယ်စား ထရမ့်ပ်အစိုးရကို တရားပြန်ဆိုင်နေ ကြတာပါ။ 

TPS နဲ့ နေထိုင်သူ မြန်မာအများစုဟာ နိုင်ငံရေးခိုလှုံခွင့် Asylum ခံထားပြီးဖြစ်ပေမဲ့ နိုင်ငံရေးခိုလှုံခွင့် Asylum မခံရသေးသူတွေလည်း ကျန်နေပါတယ်။ 

ဒီလူတွေကတော့ ထရမ့်ပ်အစိုးရကို တရားဆိုင်ထားတဲ့အဖွဲ့အစည်းတွေကို ချဉ်းကပ်ပြီး ဥပဒေအကာအကွယ် ယူထားသင့်တယ်လို့ မြန်မာ့အရေးဆောင်ရွက်သူတွေက မှတ်ချက်ပေး ပါတယ်။

ဇေယျာချမ်းအေး 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013