DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် စီမံချက်ဖြင့် တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးနေ 
DVB
·
January 23, 2026
ထိုင်းတွင် စီမံချက်ဖြင့် တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးနေ 
Donate to DVB

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာပြီးနောက် အထောက်အထားမစုံတဲ့ မြန်မာအလုပ်သမားတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်လုပ်သူတွေ၊ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးအစားတွေမှာ နိုင်ငံခြားသား ဝင်ရောက်လုပ်ကိုင်တာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

အခုလို ဖမ်းဆီးမှု အရှိန်တိုးလာတဲ့ အကြောင်းကတော့ ဇန်နဝါရီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ ထိုင်းပစ္စည်းပို့သမားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ရန်ပွဲနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံသား အမည်ခံကာ မြန်မာနိုင်ငံသားတွေ ဆိုင်ဖွင့်ပြီး ဈေးရောင်းနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

MHAC  အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ထိုင်းနိုင်ငံက ဒီ ၁ လပိုင်းနဲ့ ၂ ပိုင်းအတွင်းမှာ ၂၄ ရက်အတွင်း အထူးစီမံကိန်းအနေနဲ့ ပိုက်စိပ်တိုက်ပြီး ရှာဖွေဖမ်းဆီးမှာ။ အဓိကကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်မှတ်ထားတာပေါ့နော်။ အဲ့တော့ နေရာစုံမှာ ဝင်ဖမ်းလိမ့်မယ်။ အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ စသဖြင့် တခြားသော မြန်မာလုပ်သားတွေ အများဆုံးရှိတဲ့ နေရာတွေ ဝင်ဖမ်းဆီးလိမ့်မယ်လို့ ထိုင်းအာဏာပိုင်တွေဆီက အကြီးအကဲတယောက်ဆီက ကြားရတယ်။ အခုလည်း နေရာစုံမှာ စဖမ်းနေပြီ။ ဒီတခေါက် ဖမ်းဆီးမှုက ပိုပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် ဖမ်းဆီးမှာ သေချာတယ်။ အခု ထိုင်းနိုင်ငံသားတွေ သိပ်မနှစ်သက်တဲ့ အခြေအနေမျိုးလည်း ဖြစ်လာတော့ ဖမ်းဆီးမှုတွေက ပိုပြီး ပြင်းထန်လာဖို့ ရှိတယ်” လို့ ပြောပါတယ်။

ထိုင်းအစိုးရက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ကိုင်ခွင့်မပေးတဲ့ အလုပ်ပေါင်း ၄၀ ကျော်ရှိပါတယ်။

ကန့်သတ်ထားတဲ့ အလုပ်တွေဟာ ဈေးရောင်းတာ၊ ဈေးဆိုင်ဖွင့်တာ၊ စားသောက်ကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလမ်းညွှန်၊ အလှပြင်ဆိုင်၊ ထိုင်းရိုးရာအနှိပ်ပညာနဲ့ ပန်းချီ  ပန်းပု စတဲ့ အနုပညာအလုပ်တွေလည်း ပါဝင်ပါတယ်။

ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံတဝန်းရှိ ခရိုင်အလုပ်သမားရုံးတွေကို နိုင်ငံခြားသား လုပ်သားတွေ ကန့်သတ်အလုပ်တွေမှာ လုပ်ကိုင်တာတွေ့ရင် ထိထိရောက်ရောက် အရေးယူဖို့ ညွှန်ကြားထားပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “လတိုင်းကတော့ ၁,၀၀၀ ကျော် ဖမ်းခံနေရတယ်။ အခု နှစ်သစ်ကူးကာလတွေမှာ‌တော့ စာရင်းတွေအရတော့ ၂၀၀ ကျော် အဖမ်းခံထားရတယ်။ အသေအပျောက်လည်း ရှိသလို ၂၀၀ ကျော် အဖမ်းခံရတယ်။ အဓိကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေထက် ထိုင်းနိုင်ငံထဲမှာ ရောက်နှင့်နေပြီးသားတွေထဲက စာရွက်စာတမ်း မစုံသူနဲ့ စာရွက်စာတမ်း အထောက်အထားနဲ့ အလုပ်အကိုင် လွဲနေတာတွေ များပါတယ်။ မရှိသူရယ်၊ အထောက်အထားလွဲတာရယ်၊ အလုပ်တည်နေရာနဲ့ အလုပ်အကိုင် ပုံစံမတူတာတွေကို အဲဒါတွေ ရှောင်လွှဲလုပ်နေတာပေါ့။ ဒါတွေအားလုံးကလည်း နှုတ်ခမ်းမွေးလို့ လူသိများတဲ့ မျိုးချစ်ခေါင်းဆောင်ရဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး ထိုင်းရဲတွေရယ်၊ လဝကဆိုင်ရာ ပုဂ္ဂိုလ်တွေက လိုက်လုပ်တဲ့ ပုံစံမျိုးလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်နေသူတွေ၊ ဒါမှမဟုတ် တားမြစ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်သလို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ကို ၂ နှစ်အထိ ပိတ်သိမ်းခံရနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ ထိုင်းနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ပဋိပက္ခတချို့ ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဥပဒေ စည်းကမ်းတွေကို လိုက်နာပြီး သတိထားနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကလည်း သတိပေးထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013