
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွန်ရှောင်ကွင်းပြီး ရုရှားရေနံတွေ တင်ပို့ရာမှာ အသုံးပြုနေတဲ့ အရိပ်သင်္ဘောအုပ်စုက အဖွဲ့ဝင်သင်္ဘောလို့ သံသယရှိစရာ ရုရှားရေနံတင်သင်္ဘောတစင်းကို ပြင်သစ်ရေတပ်က ဇန်နဝါရီ ၂၂ ရက်မှာ မြေထဲပင်လယ်အတွင်း ကြားဖြတ်ဖမ်းဆီးခဲ့ပါတယ်။
“ကျွန်ုပ်တို့ဟာ ဘယ်လိုချိုးဖောက်မှုကိုမှ သည်းခံမှာမဟုတ်ကြောင်းနဲ့ ပြင်သစ်ရေတပ်ဟာ ရုရှားမြောက်ပိုင်း မားမန့်စ်ခ်ကလာတဲ့ ဂရင့်ချ် အမည်ရှိ ရေနံတင်သင်္ဘောတစင်းပေါ်ကို တက်ရောက်စစ်ဆေးခဲ့ပြီး အဲဒီသင်္ဘောဟာ နိုင်ငံတကာပိတ်ဆို့မှုတွေအောက်မှာ အလံအတုကို လွှင့်ထူထားတယ်လို့လည်း သံသယရှိခဲ့ပါတယ်” လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက X မှာ ပို့စ်တင်ထားပါတယ်။
“ဒီစစ်ဆင်ရေးကို ကျွန်ုပ်တို့ရဲ့ မဟာမိတ်အများအပြားရဲ့ ထောက်ခံမှုနဲ့ ဆောင်ရွက်ခဲ့ပြီး တင်းကျပ်တဲ့ ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်နဲ့အညီ အပြည့်အဝ လိုက်နာဆောင်ရွက်ခဲ့ပါတယ်” လို့လည်း ဆိုပါတယ်။
ဒီအမှုကို ရေကြောင်းဥပဒေနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့ မာဆေးလ် ရှေ့နေရုံးကို လွှဲပြောင်းပေးခဲ့ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေအတွက် သင်္ဘောကို လမ်းကြောင်းပြောင်းဖို့ အမိန့်ပေးခဲ့တယ်လို့လည်း မက်ခွန်းက ပြောပါတယ်။
အရိပ်သင်္ဘောအုပ်စုရဲ့ လုပ်ဆောင်ချက်တွေဟာ ယူကရိန်းအပေါ် ရန်လိုမှုစစ်ပွဲကို ငွေကြေးထောက်ပံ့ရာမှာ အထောက်အကူပြုနေတာ ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
စပိန်နိုင်ငံရဲ့ တောင်ဘက်ကမ်းရိုးတန်းနဲ့ မော်ရိုကိုနိုင်ငံရဲ့ မြောက်ဘက်ကမ်းရိုးတန်းကြားရှိ အနောက်ဘက် မြေထဲပင်လယ်ရဲ့ ပင်လယ်ပြင်မှာ ကြားဖြတ်ဖမ်းဆီးမှုကို ပြုလုပ်ခဲ့ကြောင်း ပြင်သစ်ရေကြောင်း ရဲတပ်ဖွဲ့က သီးခြားကြေညာချက်တစောင်မှာ ပြောကြားခဲ့ပါတယ်။
ဗြိတိန် အပါအဝင် တခြားနိုင်ငံတွေက ရေတပ်တွေလည်း ဒီစစ်ဆင်ရေးကို ထောက်ခံခဲ့ကြကြောင်း ကြေညာချက်မှာ ဖြည့်စွက်ဖော်ပြထားပါတယ်။
EU ဟာ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၁၉ ခု ချမှတ်ထားပေမဲ့လည်း မော်စကိုဟာ အစီအမံအများစုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပြီး အိန္ဒိယနဲ့ တရုတ်တို့လို နိုင်ငံတွေဆီ ရေနံစည် သန်းပေါင်းများစွာကို ပုံမှန်အားဖြင့် လျှော့စျေးနဲ့ ရောင်းချနေဆဲ ဖြစ်ပါတယ်။
ရေနံအများစုကို အနောက်တိုင်း ရေကြောင်းထိန်းချုပ်မှုတွေအောက်မှာ မရှိဘဲ သီးခြားလည်ပတ်နေတဲ့ အရိပ်သင်္ဘောအုပ်စုလို့ခေါ်တဲ့ ရေယာဉ်တွေနဲ့ သယ်ဆောင်ကြတာ ဖြစ်ပါတယ်။
Source: Reuters











