
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်မှာ ကျားဖြန့်ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ တရုတ်အပါအဝင် နိုင်ငံခြားသားတွေကို ထိုင်းတောင်ပေါ်သားမှတ်ပုံတင်ကတ် ထုတ်ပေးခဲ့တဲ့ ဒုအုပ်ချုပ်ရေးမှူး အပါအဝင် အစိုးရဝန်ထမ်း ၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အုပ်ချုပ်ရေးဌာန၊ ဗဟိုရဲတပ်ဖွဲ့ CIB၊ အထူးမှုခင်း စုံစမ်းစစ်ဆေးရေး DSI၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အစိုးရဝန်ထမ်း ဒုစရိုက်မှုကာကွယ်ရေး စတဲ့ ဌာနပေါင်း ၅ ခုက တာဝန်ရှိသူတွေ ပူးပေါင်းပြီး မသမာမှုနဲ့ မှတ်ပုံတင်ထုတ်ပေးနေတဲ့ ချင်းဒေါင်းမြို့နယ်အုပ်ချုပ်ရေးရုံးက ဝန်ထမ်းတွေကို သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာက ဝိန်းဟိုင်မြို့နယ်ထဲမှာ မသမာတဲ့နည်းနဲ့ မှတ်ပုံတင်ကတ်တွေ ထုတ်ပေးခဲ့လို့ မြို့နယ်မှူး၊ ဒုမြို့နယ်မှူးနဲ့ ဝန်ထမ်းတွေ စုစုပေါင်း ၂၈ ယောက်ကို ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်တယ်၊ အဆိုပါအမှုနဲ့ ဆက်စပ်ပြီး ဆက်လက်စစ်ဆေးရာမှာ တရုတ်အမျိုးသားတယောက် ကိုင်ဆောင်တဲ့ မှတ်ပုံတင်ဟာ ဝိန်းဟိုင်မှ ချင်းဒေါင်းမြို့နယ်ကို ရွှေ့ပြောင်းထားပါတယ်၊ အဆိုပါ ရွှေ့ပြောင်းမှုဟာ ဥပဒေနဲ့မညီပေမဲ့ ဝန်ထမ်းတွေက အခကြေးငွေယူပြီး ဆောင်ရွက်ပေးခဲ့တယ်၊ မှတ်ပုံတင်ကိုင်ဆောင်သူမှာ တရုတ်နိုင်ငံကူးလက်မှတ်ရှိ “ယုံအူးယန်း” ဆိုသူဖြစ်ပြီး တရုတ်အစိုးရနဲ့ အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့) က ဖမ်းဝရမ်းထုတ်ထားတဲ့ ကျားဖြန့်ဂိုဏ်းဝင်တယောက် ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကိုလည်း အလားတူ ထိုင်းနိုင်ငံသား ပြောင်းခွင့်ရ တောင်ပေါ်သားကတ်တွေ ထုတ်ပေးခဲ့တယ်၊ ကနဦး စစ်ဆေးချက်အရ ၉ ယောက် ရှိတယ်၊ မြို့နယ်ထဲမှာ စာရင်းရှိပြီး နှစ်ပေါင်းများစွာ လာရောက်ဆက်သွယ်ခြင်း မရှိသူတွေရဲ့ မှတ်ပုံတင်နံပါတ်ကို လူစားထိုးပြီး ထုတ်ပေးတာဖြစ်တယ်၊ အခကြေးငွေ ဘတ် ၈ သိန်းကနေ ၂ သန်းထိ ရယူတယ်၊ အလားတူဖြစ်ရပ်မှာ လူဦးရေ ၁၀၀ ခန့်ရှိမယ်လို့ တာဝန်ရှိသူက ခန့်မှန်းပါတယ်။
ဒါ့အပြင် ဥပဒေနဲ့မညီညွတ်ဘဲ ၁၀ နှစ်ခံကတ်ထုတ်ပေးတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်ရှိပြီး နောက်ထပ် သံသယရှိလို့ စစ်ဆေးရမဲ့သူ ၁,၀၀၀ ကျော်ရှိတယ်၊ ဥပဒေနဲ့မညီဘဲ မှတ်ပုံတင်ပြောင်းရွှေ့လာသူ ၂ ယောက်နဲ့ ဥပဒေနဲ့မညီလို့ မှတ်ပုံတင် ရုပ်သိမ်းခံထားရပေမဲ့ ဝန်ထမ်းက လာဘ်စားပြီး ပြန်ထုတ်ပေးသူ ၁၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။
ဒီအမှုတွေနဲ့ပတ်သက်ပြီး ချင်းဒေါင်းမြို့နယ်ရုံးမှ ဒုအုပ်ချုပ်ရေးမှူး ၂ ယောက်၊ ရုံးဝန်ထမ်း ၅ ယောက်နဲ့ မြူနီစီပါယ်ရုံးဝန်ထမ်းတယောက်၊ စုစုပေါင်း ၆ ယောက်ကို ဖမ်းဆီးကာ တာဝန်ဝတ္တရား အလွဲသုံးစားမှု၊ စာရွက်စာတမ်းတုပမှု၊ တာဝန်မှလစ်ဟင်းမှု၊ အဂတိလိုက်စားမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းအနုထင်း ချန်းဝီရကွန်း ကလည်း နိုင်ငံသားဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသူ၊ အာဏာရှိသူကိုယ်တိုင်က အခုလို ဥပဒေချိုးဖောက်တာကို လုံးဝလက်ခံလို့မရကြောင်း၊ ထိရောက်စွာ အပြစ်ပေး အရေးယူဖို့နဲ့ အလားတူပြဿနာတွေ ဖော်ထုတ်ဖြေရှင်းဖို့ တခြားခရိုင်၊ မြို့နယ်ရုံးတွေကိုလည်း ဆက်လက် စစ်ဆေးသွားဖို့ ညွှန်ကြားထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: PoliceTV / The Reporters / Chiangmai News











