DVB Logo
Home
မြန်မာသတင်း
အောင်လံမြို့နယ်၌ မင်္ဂလာဆောင်မဏ္ဍပ်ကို စစ်တပ်ဗုံးကြဲ၊ ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ
DVB
·
January 23, 2026
အောင်လံမြို့နယ်၌ မင်္ဂလာဆောင်မဏ္ဍပ်ကို စစ်တပ်ဗုံးကြဲ၊ ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းရွာရှိ မင်္ဂလာဆောင်မဏ္ဍပ်ကို ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် ဒေသခံ ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောင်လံမြို့နယ် စစ်ရေးသတင်းစုဆောင်းရေးအဖွဲ့ တာဝန်ရှိသူက “နေ့လယ် ၂ နာရီလောက်မှာ တပ်ကုန်းရွာထဲမှာရှိတဲ့ မင်္ဂလာဆောင်လုပ်မဲ့အိမ်က မဏ္ဍပ်ပေါ်တည့်တည့်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲသွားတာပါ။ လေယာဥ်သံကြားရပြီးတော့ ဗုံးတန်းကြဲတာဆိုတော့ ဖြစ်စဥ်က အရမ်းမြန်လွန်းလို့ ပြေးချိန်မရလိုက်ကြဘူး။ အဲဒီမှာ ၁ လသားအရွယ် ကလေးငယ် ၁ ယောက်၊ အသက် ၃၀ အရွယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ယောက်တို့ နေရာမှာတင် ဆုံးသွားပြီးတော့ ၂ ယောက်က နောက်မှဆုံးတာလို့ သိရတယ်။ ဒဏ်ရာရတဲ့ သူတွေလည်း ၁၀ ယောက်ကျော်တယ်တဲ့။ အတိအကျတော့ မသိရသေးဘူး။ အိမ်ကတော့ ၃ လုံးလောက် ပျက်စီးပြီးတော့ ၂ လုံးကတော့ လုံးဝကို မီးလောင်သွားတယ်” လို့ ​DVB ကို ပြောပါတယ်။

တပ်ကုန်းကျေးရွာသားတွေကတော့ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်လာမှာကို စိုးရိမ်လို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဇန်နဝါရီ ၂၂ ရက် ညဦးပိုင်းအထိ ကျေးရွာအတွင်းကို ပြန်လည်ဝင်ရောက်လာကြတာ မရှိသေးပါဘူး။

အဆိုပါ ဗုံးကြဲသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဥ်ဟာ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်ကနေ တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

​အောင်လံမြို့နယ်အခြေစိုက် Local PDF တပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက “တပ်ကုန်းဘက်မှာ တိုက်ပွဲဖြစ်နေတာ မရှိဘဲနဲ့ မင်္ဂလာဆောင်လုပ်မဲ့ မဏ္ဍပ်ကို ပေါင် ၁၀၀ ဗုံး ၃ လုံး အကြဲခံလိုက်ရတာပါ။ ၂၁ ရက်နေ့ ညနေပိုင်းကလည်း အောင်လံနဲ့ သိပ်မဝေးတဲ့ ဆင်ပေါင်ဝဲ မြို့နယ်ထဲက ဝန်ကုန်းရွာကိုလည်း ဂျက်ဖိုက်တာဗုံးကြဲခဲ့လို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြသေးတယ်။ အခုလည်း တပ်ကုန်းရွာကို ထပ်ကြဲတယ်။ ကျနော်တို့ သံသယရှိတာကတော့ သတင်းပေးရှိတယ်လို့ ယူဆရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ထားသူ ၂ ယောက် ကျန်ခဲ့တဲ့ရက်ပိုင်းက ပြန်ထွက်ပြေးသွားပြီးတော့ စစ်တပ်နဲ့ ပြန်ပေါင်းနေတယ်လို့ သိရတယ်။ အဲဒီနောက်ပိုင်း ဒီဘက်ရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာတာ” လို့ ပြောပါတယ်။

ဗုံးကြဲခံရတဲ့ တပ်ကုန်းကျေးရွာဟာ အောင်လံမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်း သမ္ဘူလတိုက်နယ်ထဲမှာ ပါဝင်ပြီး ဆင်ပေါင်ဝဲမြို့နယ်ရဲ့ အစပ်မှာတည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013