DVB Logo
Home
မြန်မာသတင်း
အောင်ဇမ္ဗူဇာတ်အဖွဲ့ကို အရေးမယူရန် လူရွှင်တော်ဒိန်းဒေါင် တောင်းပန်
DVB
·
January 22, 2026
အောင်ဇမ္ဗူဇာတ်အဖွဲ့ကို အရေးမယူရန် လူရွှင်တော်ဒိန်းဒေါင် တောင်းပန်
Donate to DVB

ဇာတ်စင်ပေါ်မှာ ကလေးငယ်တယောက်ကို အမြင်မတင့်တယ်တဲ့ အပြုအမူတွေ ပြုလုပ်ပြီး ဟာသလုပ်ခဲ့တဲ့ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ ခွင့်လွှတ်ပေးဖို့ ဟာသပညာအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ လူရွှင်တော်ဒိန်းဒေါင်က လူမှုကွန်ရက်ပေါ်မှာ live လွှင့် ရှိခိုးတောင်းပန်ခဲ့ပါတယ်။

ကလေးသူငယ်တယောက်အပေါ် လိင်ပိုင်းဆိုင်ရာ ပြုမူစော်ကားခဲ့တဲ့ အောင်ဇမ္ဗူဇာတ်သဘင်ကို ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ အရေးမယူဖို့၊ ခွင့်လွှတ်ပေးဖို့ စစ်တပ်ထောက်ခံသူ လူရွှင်တော်ဒိန်းဒေါင်က စစ်ခေါင်းဆောင်တွေကို ဇန်နဝါရီ ၂၁ ရက်က လူမှုကွန်ရက်မှာ Live လွှင့်ပြောဆို တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

"ကျနော် ဒီကလေးတွေကို အပြင်မှာလည်း မမြင်ဖူးပါဘူး။ လူရွှင်တော်လေးတွေကို သိလည်းမသိပါဘူး။ ကျနော့်အနေနဲ့ လေးငါးခြောက်နှစ်အတွင်းမှာ လူကြီးတွေကို ဒီလိုကိစ္စမျိုးတွေ တခါမှလည်း အကူအညီ မတောင်းဖူးပါဘူး။ ကျနော်တို့ လူရွှင်တော်တွေဆိုတာ လေယူဒန်းစီးရတာပေါ့နော်၊ မြင်တဲ့အပေါ်မှာ သူတို့ ပြက်လုံးလေး ပြက်မိတယ်လို့ ကျနော် အစအဆုံးကြည့်ပြီး မြင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ဘဝ အညွန့်မကျိုးအောင် လူကြီးမင်းတွေ အနေနဲ့ မေတ္တာရှေ့ထားပြီး တကြိမ်တခါ ခွင့်လွှတ်ပေးဖို့  ခံဝန်ထိုးတာ၊ ဒါမှမဟုတ်ရင် နောင်ဖြစ်ရင် ဘယ်လိုအရေးယူမယ်ဆိုတာ။  မေတ္တာရှေ့ ထားပြီး ကူညီစောင့်ရှောက်ပေးဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်" လို့ ပြောပါတယ်။

အောင်ဇမ္ဗူဇာတ်အဖွဲ့က လူရွှင်တော်ဖြိုးဖြိုးက ပရိသတ်ထဲက ကလေးငယ်တယောက်ကို ဇာတ်စင်ပေါ်ကို ခေါ်ယူပြီးနောက် မဖွယ်မရာပြောဆို ဟာသပြက်လုံးထုတ်ကာ ဘောင်းဘီချွတ်ပြီး ယောကျ်ားလေးကနေ မိန်းကလေးပြောင်းပြမယ်လို့ ဟာသလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဇာတ်သဘင်နဲ့ နီးစပ်သူတယောက်က "သဘင်အစည်းအရုံးက ဘက်လိုက်မှုရှိလား မရှိလားဆိုတော့ နေပြည်တော်မှာ အိုပါဂန်းနားစတိုင်နဲ့ကတဲ့ အောင်စိုးမင်းဇာတ်ကိုကျတော့ ရဲနဲ့ ဖမ်းခိုင်း၊ ထောင်ထဲထည့်ပြီး ဇာတ်ကခွင့်နားတယ်။ ဒီလောက် ဟိုးလေးတကြော်ဖြစ်နေတဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့ကိစ္စမှာ ထုတ်ပြန်ချက်ကို နာမည်တောင်မထည့်ဘူး။ ၂၀ ရက်နေ့ ကတည်းက စုံစမ်းစစ်ဆေးနေတာ အခုထိ အဖြေမထွက်ဘူး" လို့ ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ထိပါးခံရတာ ဖြစ်တယ်ဆိုပြီး ဒေါက်တာ မာမီ (ခေါ်) ဒေါက်တာမြတ်သီရိမောင်က ပြောပါတယ်။

"ကလေးတယောက်ရဲ့ Private Part ကို ဒီလို ထိကိုင်ပွတ်သပ်ပြီး စင်ပေါ်မှာ ဟာသလုပ်တာ ဟာသမမြောက်ဘူး။ Sexual harassment ပါ။ ဒါကို Normalized လုပ်ပြီး ရယ်မောနေကြသူတွေ ကိုယ့်ကလေးငယ် တချိန်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုခံရတဲ့အခါ ရယ်မောနိုင်ပါ့မလား သိချင်တယ်။ ဒီလိုအရာတွေကို အပျော်အပျက် အပြောင်အနောက် သဘောထားနိုင်တဲ့ လူ့အဖွဲ့အစည်းကိုလည်း တော်တော်စက်ဆုပ်လာပြီ” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီကိစ္စ ဇန်နဝါရီ ၂၀ ရက်က မြန်မာနိုင်ငံ သဘင်အစည်းရုံး (ဗဟို) က "နှစ်ပါးသွား အစီအစဥ်မှာ ဖျော်ဖြေနေစဥ်အတွင်း ပရိသတ်ထဲက ကလေးငယ်တယောက်ကို ဇာတ်စင်ပေါ်ခေါ်ယူပြီး အမြင်မသင့်သော၊ ကလေးသူငယ်ဂုဏ်သိက္ခာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ မဖွယ်မရာ ပြုမူခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ စုံစမ်းစိစစ်သွားမယ်" လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က စုံစမ်းစိစစ်သွားမယ်လို့ ထုတ်ပြန်အပြီးမှာ အောင်ဇမ္ဗူ ဇာတ်အဖွဲ့နဲ့ ကျူးလွန်သူ လူရွှင်တော်ဖြိုးဖြိုးတို့ကလည်း လူမှုကွန်ရက်မှာ ဒီလိုလုပ်ရပ်အတွက် တောင်းပန်ကြောင်း ရေးသားထားပါတယ်။

ဒီဇင်ဘာ ၇ ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ ဘုရားပွဲမှာ သင်္ကန်းဝတ်ဆင်ပြီး အိုပါဂန်းနားစတိုင်သီချင်းနဲ့ ကပြခဲ့တဲ့ အောင်စိုးမင်းဂီတပဒေသာဆိုင်းအဖွဲ့မှ ဆိုင်းဆရာ၊ လူရွှင်တော် အပါအဝင် ၅ ယောက်ကို  စစ်တပ်က ဖမ်းဆီးပြီး ပုဒ်မ ၂၉၄/ ၂၉၅ နဲ့ အရေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013