DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် နိုင်ငံခြားသားများ ၁ နှစ်တိုးမြှင့် အလုပ်လုပ်ခွင့်ပေး
DVB
·
December 19, 2014
မလေးရှားတွင် နိုင်ငံခြားသားများ ၁ နှစ်တိုးမြှင့် အလုပ်လုပ်ခွင့်ပေး
Donate to DVB

မလေးရှားအစိုးရက နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့်ပေးတဲ့ 6P အစီအစဉ်ကို အလုပ်ရှင်တွေနဲ့ တရားဝင် ပါမစ်လျှောက်ထားသူတွေ အကျုံးဝင်တဲ့ နိုင်ငံခြားသားအလုပ်သမား ၃ သိန်းကျော်ကို ယာယီအလုပ်လုပ်ကိုင်ခွင့်သက်တမ်းတနှစ်တိုးမြှင့်ကြောင်း ကြေညာချက်ကို မလေးရှားသတင်းတွေက ရေးပါတယ်။

[caption id="attachment_74270" align="aligncenter" width="570"]နေရပ်ပြန်ရာတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ) နေရပ်ပြန်ရာတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ)[/caption]

6P အစီအစဉ်ဆိုတာဟာ တရားမဝင် အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို  တရားဝင် လုပ်ကိုင်ခွင့်ရစေတဲ့ မလေးရှားနိုင်ငံရဲ့ ၂၀၁၁ ခုနှစ်ကစတင်တဲ့ အစီအစဉ်ဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေကလည်း မလေးရှားရောက် အထောက်အထားမရှိတဲ့ မြန်မာတွေ တရားဝင်လုပ်ခွင့်ရအောင် ဒီနှစ်ဆန်းပိုင်းက ဆောင်ရွက်ပေးခဲ့ပါတယ်။

6P အစီအစဉ်အရ ၂၀၁၄ ခုနှစ်ကုန်မှာ သက်တမ်းကုန်ပြီး မိခင်နိုင်ငံပြန်ကြရဖို့ဖြစ်ရာမှာ မလေးရှားနိုင်ငံရဲ့ အံဝင်ဂွင်ကျရှိနေတဲ့ လုပ်သားတွေ ပြတ်လပ်နိုင်တယ်လို့ တောင်းဆိုချက်တွေ အပြီး အစိုးရက ၁ နှစ်တိုးခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အကျွမ်းတ၀င်ရှိနေသူတွေ ဇာတိနိုင်ငံပြန်ကြရင် လုပ်သားပြတ်လပ်မှု ဖြစ်မယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက တောင်းဆိုခဲ့ပြီးနောက် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

လုပ်သားအသစ်တွေနဲ့ အစားထိုးတဲ့အခါ လေ့ကျင့်သင်ကြားပေးထားတဲ့ ကျွမ်းကျင်သူတွေ ဆုံးရှုံးရပြီး နောက်ထပ်သင်တန်းပေးလို့ အချိန်ကုန်၊ ငွေကုန် ဖြစ်ရမယ့်အခြေအနေတွေကိုလည်း ထောက်ပြခဲ့ကြတာပါ။

အစိုးရဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန ယာယီအတွင်းရေးမှူးချုပ်  Datuk Alwi Ibrahim က လုပ်သားတွေ ရုတ်တရက်လျော့ကျသွားတဲ့အခါ စီးပွားရေးကဏ္ဍအပေါ် သက်ရောက်နိုင်ခြေနဲ့ အလုပ်ရှင်တွေကို အလုပ်သမားတွေ အစားထိုးဖြည့်ဆည်းနိုင်အောင် အချိန်ပေးမှု အကြား ချိန်ဆဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

မလေးရှားကက်ဘိနက်က ၁ နှစ်သက်တမ်းတိုးဖို့ သဘောတူပြီးဖြစ်ကြောင်းနဲ့ ၂၀၁၅ ခုနှစ်ကုန်ထိ အကျုံးဝင်တဲ့ သက်တမ်းတိုးမြှင့်ပေးတာဟာ 6P အစီအစဉ်နဲ့ သက်ဆိုင်သူတွေနဲ့ တရားဝင်အလုပ်ခန့်သူတွေနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အလုပ်ရှင်တွေဟာ နိုင်ငံတ၀န်းက လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ ယာယီအလုပ်လုပ်ခွင့်ပါတီ တနှစ်သက်တမ်းတိုးခွင့်ပြုလို့ လျှောက်ထားနိုင်ပြီလို့ ဆိုပါတယ်။

မလေးရှားအစိုးရအနေနဲ့ များပြားလှတဲ့ လုပ်သားအင်အားစုတွေ ဆုံးရှုံးသွားရင် လုပ်ငန်းကိုင်ငန်းတွေနဲ့ စီးပွားရေးကဏ္ဍအပေါ် ရုတ်တရက်သက်ရောက်မှု ကြီးမားလိမ့်မယ်ဆိုတာကို အစိုးရက ကောင်းကောင်းနားလည်ပါတယ်လို့ သူက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ပြီးပါက မြန်မာနိုင်ငံဟာ တရားမဝင် လုပ်သား တတိယ အများဆုံးဖြစ်ပြီး မြန်မာလုပ်သား ၂၅၇,၀၀၀ ရှိတဲ့အနက် ၁၁၃,၀၀၀ မှာ တရားဝင် လုပ်သားများ ဖြစ်ကြောင်း မလေးရှား အစိုးရက ဒီနှစ်ဆန်းပိုင်းက ပြောထားပါတယ်။

မလေးရှားသတင်းတွေမှာ ဖော်ပြချက်အရ 6P အစီအစဉ်နဲ့လုပ်ဆောင်နေသူ ၅ သိန်းကျော်ရှိတယ်လို့ သိရတာကြောင့် 6P အလုပ်သမား အကုန်လုံးကို ပြန်လည်သက်တမ်းတိုးပေးမယ့်သဘောတော့ မဟုတ်ပါဘူး။

မလေးရှား ပြည်ထဲရေး ဒုဝန်ကြီးက မနှစ်ဇွန်လက ပြောဆိုချက်အရ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာ ၂ သိန်း ၅ သောင်း ၇ ထောင်အနက် ၁ သိန်း ၄ သောင်း ၄ ထောင်ဟာ တရားမ၀င်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

မလေးရှားအချုပ်တွေထဲမှာ မြန်မာ ၄၅၀၀ လောက် ရှိနေသလို မြန်မာဒုက္ခသည် ၉၅၀၀၀ ကိုလည်း ယာယီနေထိုင်ခွင့်ပြုထားပါတယ်။

မြန်မာရွေှ့ပြောင်းလုပ်သား အခွင့်အရေးဌာန ဥက္ကဋ္ဌ ဦးကိုလတ်က ၁ နှစ်သက်တမ်း တိုးမြှင့်ခွင့်ပြုတဲ့အတွက် မြန်မာ 6P သမားတွေအတွက် အကျိုးရှိပါတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဘယ်လိုအကျိုးရှိသလဲဆိုတော့ ဗမာပြည်ပြန်ရရင်တော့ ဗမာပြည်မှာ လုပ်ငန်းကိုင်ငန်းက အဆင်ပြေကြမှာမဟုတ်ဘူးလေ။ အားလုံးက သူတို့မှာ record မှတ်တမ်းတွေရှိတာကိုး သူဌေးတွေဆီမှာ။ ဒီလူတွေ တရားဝင်ထွက်ပေးရမယ်ဆိုလို့ရှိရင် မြန်မာအလုပ်သမားတွေအတွက် အခက်အခဲရှိမယ်။ ဗမာပြည်မှာ ဘာအလုပ်မှ မရှိကြဘူးလေ။ အခု တိုးပေးလိုက်တယ်ဆိုတော့ မလေးရှားမှာ နောက်တနှစ်ရပ်တည်ဖို့ အဆင်ပြေသွားကြမယ်။”

၂၀၁၁ ခုနှစ်က စတင်တဲ့ ဒီအစီအစဉ်ဟာ တရားမ၀င်ဝင်ရောက်တဲ့ ပြည်ပနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ တရားခွင်အလုပ်လုပ်ခွင့်ကို ၁ နှစ်ချင်း သက်တမ်းတိုးပေးနေတဲ့ အစီအ စဉ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့က ပြောကြားရာမှာ ထိုင်းနိုင်ငံတွင်း တရားမ၀င်ရောက်ရှိနေတဲ့ မြန်မာတွေကို လာမယ့်နှစ် မတ်လမတိုင်ခင် နိုင်ငံသားစိစစ်ပေးမှာဖြစ်ပြီး မလေးရှားရောက်မြန်မာတွေကိုလည်း စိစစ်သွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့တာကို ဒီကနေ့ အစိုးရသတင်းစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013