DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ဒရုန်းအများအပြား သုံးစွဲ တိုက်ခိုက်နေ
DVB
·
January 20, 2026
ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ဒရုန်းအများအပြား သုံးစွဲ တိုက်ခိုက်နေ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ  ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပနိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ စစ်တပ်က လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး  ဒရုန်းတွေ အလွန်အကျွံသုံးစွဲပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ KNLA ရဲ့ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်တပ်က နောက်ဆုံးအကြိမ် ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃  အောင်မြင်စွာ ကျင်းပနိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ လူအင်းအားအများအပြားနဲ့ စစ်ကြောင်းထိုးနေပါတယ်။ 

ဒါကြောင့် ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၇ နာရီခွဲကစပြီး  စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတွေ၊ အမှတ် ၃၁ ဗျူဟာ (ဗိုလ်ကျော်သက်) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေက  ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ 

စစ်တပ်စစ်ကြောင်းတွေ အထိနာနေတာကြောင့်  ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး နယ်မြေစိုးမိုးနိုင်ဖို့ ဒရုန်းတွေကို အလွန်အကျွံသုံးစွဲပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တပ်ရင်းမှူး  ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။ 

“ဒီနေ့ကတော့ သူတို့ဘက်က ဒရုန်းမိုးရွာသလိုပဲ။ လက်နက်ငယ်က နည်းနည်းပါးပါးပဲ ပါတယ်။ ဟိုနေ့က တိုက်ပွဲမှာ သူတို့ တော်တော်လေးအထိနာတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ ဒီနေ့ ကျနော်တို့ကို ဒရုန်းမိုးရွာတယ်။  မိဖာလဲ့ဘက်တွေရော၊ ကျနော်တို့ အောက်ဗိုလ်တဲ၊ အဲဒီတကြောလုံးကို မိနစ်ခြား မိနစ်ခြား တအားကြဲတယ်။ မနေ့တုန်းက ကျနော်တို့ ပစ်ထားတဲ့ ဥစ္စာတွေက သူတို့ တော်တော် အထိနာတယ် ကြားတယ်။  ပွင်းပွင်းလင်းလင်းပြောရရင် အခု တစီးဆင်းသွားလိုက် တစီးလာကြဲလိုက်။ အဲပုံစံမျိုး  အဆက်မပြတ်ကြဲတယ်။ တောနောရေတံခွန်ဘက်က လက်နက်ကြီး ကူပစ်တာတွေလည်း ရှိတယ်။ စကခ ၁၂ ဘက်ကလည်း  လှမ်းပစ်တာတွေလည်း ရှိတယ်။” 

စစ်တပ်ကအ ထိနာနေတာကြောင့် ဒရုန်း‌တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့  အဆက်မပြတ် ပစ်ကူပေးပစ်ခတ်နေပါတယ်။ စစ်တပ်က လှိုင်းဘွဲမြို့နယ်မှာ ရွေးကောက်ပွဲ အကြောင်းပြ ဝင်ရောက်လာပြီး ပြန်မထွက်တော့တဲ့ ဖြစ်စဉ်မျိုး မဖြစ်အောင်  တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုပြီး ခုခံတိုက်ပွဲဝင်နေတာလို့ ကရင်စစ်ရေးလေ့လာသူတယောက်က သုံးသပ်ပါတယ်။  

“အခုလက်ရှိအခြေအနေကတော့ လေကြောင်းကနေ ဗုံးတွေလာကြဲတယ်။ ပြီးလို့ရှိရင် သူတို့ ဒရုန်းတွေနဲ့ ဗုံးသီးတွေကြဲတယ်။ ကင်းထောက်တယ်။ လက်ရှိကတော့ သူတို့က အဲလိုမျိုးလုပ်နေတယ်။ သူတို့ အဲလိုမျိုးလုပ်ရတဲ့ အကြောင်းအရင်းကတော့ သူတို့ ရွေးကောက်ပွဲ လုပ်ဖို့ ကြေညာထားတဲ့ ဧရိယာတွေထဲမှာ ရွေးကောက်ပွဲ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အတွက် လုပ်တယ်လို့ပဲ မှတ်ယူရတယ်။ သို့သော်လည်းပဲ လှိုင်းဘွဲမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုပြီး အကြောင်းပြ ပြီးတော့မှ လုံခြုံရေးဝင်ယူပြီးတော့ ရွေးကောက်ပွဲလုပ်ပြီးသွားရော အဲဒီလုံခြုံရေးတွေက ပြန်မထွက် တော့တဲ့ အနေအထားကို တွေ့ရတယ်။ အဲလိုမျိုး ကော့ကရိတ်မြို့မှာ မဖြစ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုပြီးတော့မှ ခုခံတိုက်ပွဲဖြစ်တယ်လို့ ယူဆရတယ်။”

နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ စစ်ကြောင်းထိုးနေတာ၊ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊‌ စော်ဟဲ၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဒါကြောင့် ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမယ့် ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၆၀  မှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013