
ကမ္ဘာပေါ်ရှိ လူ ၄ ယောက်အနက် တယောက်ဟာ ပုံမှန်စားသောက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက် ဝင်ငွေနဲ့ နေထိုင်နေရချိန်မှာ ဘီလျံနာတွေရဲ့ ကြွယ်ဝမှုကတော့ စံချိန်တင် မြင့်တက်လာခဲ့တယ်လို့ ပရဟိတအဖွဲ့ကြီး Oxfam ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မူဝါဒတွေကလည်း မဟာသူကြွယ်ကြီးတွေရဲ့ ကြွယ်ဝမှုကို ပိုတိုးပွားစေခဲ့တယ်လို့ Oxfam က သုံးသပ်ထားပါတယ်။
ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်း ပထမနှစ်မှာ ဘီလျံနာတွေရဲ့ ကြွယ်ဝမှုဟာ ၁၆ ဒသမ ၂ ရာခိုင်နှုန်းတောင်တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအကြိမ် ဘီလျံနာ ဦးရေ ၃,၀၀၀ ကျော်လာခဲ့တယ်လို့ဆိုပါတယ်။
တက်စလာနဲ့ SpaceX စီအီးအို အီလွန်မက်စ် ဦးဆောင်တဲ့ ထိပ်ဆုံးဘီလျံနာ ၁၂ ယောက်ရဲ့ ကြွယ်ဝမှု စုစုပေါင်းဟာ လူသားမျိုးနွယ်ရဲ့ အဆင်းရဲဆုံးတဝက်၊ တနည်းအားဖြင့် အဆင်းရဲဆုံး သန်း ၄၀၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုထက် ပိုများနေတယ်လို့လည်း ထောက်ပြထားပါတယ်။
သမ္မတအနေနဲ့ ထရမ့်ပ်ရဲ့ ဆောင်ရွက်ချက်တွေဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းတွေဖြေလျှော့ပေးတာ၊ ကော်ပိုရေးရှင်းကြီးတွေကို အခွန်တိုးကောက်ဖို့ သဘောတူညီချက်တွေကို လျော့ပါးပျက်ပြယ် စေတာကြောင့် ကမ္ဘာတဝန်းက အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ အကျိုးရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အခုလို အဆမတန်ကြွယ်ဝလာမှုဟာ အင်မတန် အန္တရာယ်ကြီးတဲ့ နိုင်ငံရေးအကျိုးဆက်တွေပါ ဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကမ္ဘာ့စီးပွား ရေးဖိုရမ်တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ရောက်ရှိလာကြချိန်မှာပဲ ဒီအစီရင်ခံစာကို အချိန်ကိုက် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











