
ဟန်ဂေရီနိုင်ငံက ဗာလာတွန် ရေကန်ကြီးဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ရေခဲပြင်အဖြစ် ပြောင်းလဲသွားခဲ့တာကြောင့် စကိတ်စီးသူတွေနဲ့ စည်ကားနေပါတယ်။
ရက်နဲ့ချီပြီးတော့ အပူချိန် ရေခဲမှတ်အောက် ကျဆင်းခဲ့တာကြောင့် ရေကန်တောင်ဘက်ကမ်းခြေနားမှာ ရေခဲထု ၁၂ စင်တီမီတာကနေ ၁၅ စင်တီမီတာအထိ ထူထဲလာပြီး စိတ်ချလက်ချ စီးနင်းနိုင်ပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဥရောပအလယ်ပိုင်းရဲ့ အကြီးဆုံးဖြစ်တဲ့ ဒီရေကန်ကြီးမှာ ရေခဲပြင်အဖြစ် ပြောင်းလဲသွားတာမျိုးကို လွန်ခဲ့တဲ့ ၉ နှစ်က နောက်ဆုံး ကြုံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ ကန်မြောက်ဘက်ခြမ်းမှာတော့ ရေခဲထုဟာ ၈ စင်တီမီတာကနေ ၁၂ စင်တီမီတာလောက်သာရှိပြီး မျက်နှာပြင်မညီညာတာကြောင့် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားပါတယ်။
ဒါကြောင့် စကိတ်စီးနင်းသူတွေအနေနဲ့ ကယ်ဆယ်ရလွယ်ကူတဲ့ တောင်ဘက်ကမ်းခြေကနေ မီတာ ၅၀ ကနေ ၇၀ အကွာအဝေးအတွင်းမှာသာ စီးနင်းကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
လာရောက်စီးနင်းသူ ဇိုလ်တန် လန်းဘိုင်း ကတော့ ရေခဲပြင်ကွင်းမဟုတ်ဘဲ သဘာဝအလှတရားတွေနဲ့ ပြည့်နေတဲ့ ရေကန်ကြီးထဲမှာ အခုလို စီးနင်းခွင့်ရတာဟာ ဘာနဲ့မှမတူတဲ့ လွတ်လပ်မှုမျိုး ခံစားရတယ်လို့ ပြောပါတယ်။
တချို့ကလည်း လူတွေအများကြီးရှိပေမဲ့ နေရာကျယ်ဝန်းတာကြောင့် ပြဿနာမရှိဘဲ ခြေထောက်အောက်မှာ တကယ့်ရေပြင်ရှိနေတာက ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ဆိုကြပါတယ်။
Source: Reuters











