DVB Logo
Home
မြန်မာသတင်း
AA ထိန်းချုပ်နယ်မြေထဲက ပညာရေးကဏ္ဍအပေါ်  လူငယ်များ စိတ်ဝင်တစားပါဝင်
DVB
·
January 19, 2026
AA ထိန်းချုပ်နယ်မြေထဲက ပညာရေးကဏ္ဍအပေါ်  လူငယ်များ စိတ်ဝင်တစားပါဝင်
Donate to DVB

အာရက္ခတပ်တော် (AA) အနေနဲ့  ထိန်းချုပ်နယ်မြေတွေမှာ လက်ရှိ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသလို လူငယ်တွေကလည်း စိတ်ဝင်တစား ပါဝင်နေတာကို တွေ့ရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကစပြီး ရခိုင်မှာ အာရက္ခဆေးပညာသိပ္ပံကျောင်း လျှောက်လွှာခေါ်ယူနေသလို အင်္ဂလိပ်စာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာသင်တန်းတွေ၊ စာရင်းအင်းသင်တန်းတွေ၊ စိုက်ပျိုးရေးပညာသင်တန်းကျောင်းတွေ စတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို လျှောက်လွှာ ခေါ်ယူနေတယ်လို့ AA ပညာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါဟာ လူငယ်တွေရဲ့ ပညာရေးအခန်းကဏ္ဍအတွက် လိုအပ်ချက်တွေ၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေမှုတွေကို ခုလိုသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးပြီး အာရက္ခတိုင်းပြည် တည်ဆောက်ရေးအခန်းကဏ္ဍမှာ တာဝန်ယူလိုစိတ်အပြည့်နဲ့ ပါဝင်အားဖြည့်ပေးနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာလည်း လူငယ်တွေအနေနဲ့ ဝါသနာပါတဲ့ ပညာရပ်တွေနဲ့ အချက်အလက်ကိုက်ညီမှုရှိတဲ့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေမှာ လာရောက်လျှောက်ထားမှုပိုများနေတယ်လို့ AA ရဲ့ ပညာရေးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အုပ်ချုပ်‌‌ရေးဌာနကတဆင့် လက်ဆင့်ကမ်းပေးတာပါ။ ဒီလိုမျိုး ပညာရေးသင်တန်းတွေ ခေါ်နေတယ်။ ခရိုင်ပြီးရင် မြို့နယ်ကတဆင့် ရပ်ကွက်၊ ကျေးရွာအထိ အဆင့်လိုက် လက်ဆင့်ကမ်းပြီးတော့ ပြည်သူတွေ သိအောင် လုပ်ဆောင်တာပါ။ အဲဒီမှာ ပြည်သူတွေက သူတို့ရဲ့သားသမီးတွေကို ဒီလျှောက်လွှာတွေနဲ့ ကိုက်ညီလား၊ ကိုက်ညီရင် လျှောက်ခိုင်းကြတယ်၊ အဲလိုမျိုးပါ။ အရင် စနစ်ဟောင်းနဲ့ စနစ်သစ်အောင်တဲ့ ကလေးတွေ၊ ပြီးရင် စစ်ပွဲတွေကြောင့် တက္ကသိုလ်ပညာရေး တပိုင်းတစဖြစ်နေတဲ့ ကလေးတွေ လာလျှောက်တာများပါတယ်။ သူတို့နဲ့ အချက်အလက်ကိုက်ညီတဲ့ ကျောင်းတွေကို လျှောက်တာပေါ့နော်။ ပြီးတော့ အများကြီး ထပ်ခေါ်နေသေးတာလည်း ရှိပါတယ်။ စာရင်းအင်းပညာတို့၊ စိုက်ပျိုးရေးပညာတို့၊ ကိုယ်ဝါသနာပါရာ နဲ့ ကိုယ်နဲ့ကိုယ်ညီတဲ့ ပညာရပ်ကို ရွေးလျှောက်ကြတာ များပါတယ်။ ပညာရေး နဲ့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူငယ်တွေကို ခုလို သင်တန်းပေးပြီးတော့ တိုင်းပြည်အတွက် လိုအပ်တဲ့ နေရာတွေမှာ တာဝန်ချထားပေးဖို့အတွက် လည်း ရည်ရွယ်ပါတယ်။”

အာရက္ခဆေးပညာသိပ္ပံကျောင်းလျှောက်ထားသူကတော့ စစ်ကောင်စီတက္ကသိုလ်ဝင်တန်းကို ဇီဝဗေဒ သိပ္ပံတွဲနဲ့ အောင်မြင်ရမှာဖြစ်ပြီး ဇီဝ၊ ဓာတု၊ ရူပ ဘာသာရပ်တိုင်းမှာ ရမှတ် ၇၀ ကျော် နဲ့ စုစုပေါင်း ရမှတ်ကတော့ ၄၀၀ ကျော်နဲ့ အသက် ၂၅ နှစ်အောက် ဖြစ်ရပါမယ်။

အလားတူပဲ AA ရဲ့ ပညာရေးဌာနကနေ ၁၂ တန်းအောင်မြင်ပြီးသူတွေကတော့ ဇီဝဗေဒသိပ္ပံတွဲနဲ့ အောင်မြင်ရမှာဖြစ်ပြီး ဇီဝ၊ ဓာတု၊ ရူပ ဘာသာရပ်တိုင်းမှာ ရမှတ် B နဲ့ အထက် (၈၀ အထက်နဲ့)၊  အင်္ဂလိပ်စာ ရမှတ် C နဲ့ အထက် (၆၀ အထက်) ရှိရမှာဖြစ်ပါတယ်။

လက်ရှိမှာလည်း ULA/AA အနေနဲ့ ကျန်းမာရေးကဏ္ဍကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီး လူငယ်တွေအနေနဲ့လည်း ဆေးပညာသိပ္ပံကျောင်းခေါ်ယူနေတဲ့ အပေါ်မှာ စိတ်ဝင်စားသလို ဝင်ခွင့်ပြင်ဆင်မှုတွေကိုလည်း ကြိုးကြိုးစားစား လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ရခိုင်ဒေသခံလူငယ်တယောက်က ပြောပါတယ်။ 

“ဒီလို လုပ်ဆောင်ခြင်းက ကောင်းတဲ့လက္ခဏာတခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရခိုင်မှာက လူငယ်တွေ တော်တော်များများက အလုပ်အကိုင်မရှိ၊ ပညာဆက်လက်သင်ကြားဖို့အတွက်လည်း အခွင့်အလမ်းတွေမရှိ ဖြစ်နေကြတဲ့အခါ ရှေ့ဆက်အနာဂတ်တွေ မှုန်ဝါးနေသလိုမျိုး ဖြစ်နေပါတယ်။ ခုလိုသင်တန်းကျောင်းတွေ ဖွင့်ပေးတာက လူငယ်တွေရဲ့ အနာဂတ်ကို ခိုင်မြဲစေတဲ့အရာတခုလို့ မြင်ပါတယ်။ ဆေးပညာကို လက်ရှိမှာ ULA/AA က တော်တော်လေး အရှိန်မြင့်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ နောက်ပြီး ကြီးကြပ်ခေါ်တာလည်းရှိပါတယ်။ သားဖွားတို့၊ အဓိက ဆေးပညာနဲ့ပတ်သက်ပြီး ကျန်းမာရေးကို အဓိကထားလုပ်ဆောင်နေတာပါ။  လူငယ်တော်တော်များများကတော့ သူတို့ရဲ့ အနာဂတ်တွေ ခိုင်မြဲမှုတခု ရလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မျှော်လင့်ချက်တွေ အများကြီးရှိကြတယ်။ ဒါကြောင့်လည်း လျှောက်‌လွှာတွေ ခေါ်ယူနေပြီဆိုတော့ လျှောက်ထားတာတွေလည်း အများကြီးတွေ့ရတယ်။” 

အလားတူ အင်္ဂလိပ်စာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာသင်တန်းမှာလည်း တက္ကသိုလ်မှာ အင်္ဂလိပ်စာအထူးပြုမေဂျာနဲ့ ဘွဲ့ရရှိရမှာဖြစ်ပြီး အသက် ၃၅ နှစ်အောက် ဖြစ်ရမယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ သက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပြီးရင် အာရက္ခတပ်တော်ဆီမှာ ဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ULA/AA အနေနဲ့ တိုင်းပြည်တည်ဆောက်‌ရေးလုပ်ဆောင်ရာမှာ လူငယ်တွေရဲ့ အရည်အချင်းကို မြှင့်တင်ပြီးတော့  လူငယ်တွေကို ပိုပြီးနေရာပေးတာက ပိုကောင်းမွန်တဲ့ အနာဂတ်ကိုတည်ဆောက်နိုင်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်မှာ မြို့သိမ်းတိုက်ပွဲစတင်ချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရသလို လမ်းခရီးပိတ်ဆို့ထားမှုတွေကြောင့် ပညာဆက်လက် သင်ကြားခွင့် ဆုံးရှုံးခဲ့ကြရသလိုလက်ရှိလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013