DVB Logo
Home
မြန်မာသတင်း
အားလုံးပါဝင် မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုလားဟု အိန္ဒိယ ပြော 
DVB
·
January 19, 2026
အားလုံးပါဝင် မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုလားဟု အိန္ဒိယ ပြော 
Donate to DVB

မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ “အားလုံးပါဝင်ပြီး တရားမျှတတဲ့” ရွေးကောက်ပွဲတွေ ဖြစ်လာစေဖို့ အိန္ဒိယနိုင်ငံက လိုလားတဲ့အကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ဇန်နဝါရီ ၁၇ ရက်က ထပ်မံပြီးတော့ ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီရ် ဂျိုင်စ်ဝါလ်က မြို့တော်နယူး ဒေလီမှာ ပြုလုပ်တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောလိုက်တာပါ။

“မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ သက်ဆိုင်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အားလုံးပါဝင်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ကျနော်တို့ လိုလားပါတယ်။”

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာ ကျင်းပခဲ့သလို တတိယပိုင်းကိုတော့ ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံတို့က နိုင်ငံတကာရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ဝင်တွေနဲ့ သံတမန်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်စုစုပေါင်း ၁၃၉ ယောက် တက်ရောက်စောင့်ကြည့်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒီအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီရ် ဂျိုင်စ်ဝါလ်ကတော့ “အိန္ဒိယကနေ သွားရောက်သူတချို့ ရှိပါတယ်၊ ဒါပေမဲ့ ဒါဟာ သူတို့ရဲ့ ပုဂ္ဂလိက အစီအစဉ်နဲ့ သွားရောက်ကြတာသာ ဖြစ်ပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းကို ထောက်ခံကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပတာကို ပံ့ပိုးပေးသွားမယ့်အကြောင်း ပြောထားပါတယ်။

ဂျိုင်စ်ဝါလ်က “မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ကျနော်တို့ဟာ နိုင်ငံတွင်း ဒီမိုကရေစီ အကူးအပြောင်းကို ရပ်တည်ပေးပါတယ်။ ရွေးကောက်ပွဲတွေ ကျင်းပရပါမယ်။ လူတိုင်း ပါဝင်နိုင်တဲ့ လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေကို ကျနော်တို့ ထောက်ခံသလို၊ အိန္ဒိယဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ပြီး ပုံမှန်အခြေအနေ ပြန်ရောက်ဖို့အတွက် ရပ်တည်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဩဂုတ် ၃၁ ရက်ကလည်း အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို မြန်မာကိုယ်တိုင် ဦးဆောင်ကိုင်တွယ်ဖို့  ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေမှာ အားလုံးပါဝင်ပြီး တရားမျှတမယ်လို့ မျှော်လင့်ကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ဖြေရှင်းဖို့ကသာ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ကြောင်းနဲ့ အဲဒီလို လုပ်ဆောင်ရာမှာလည်း မြန်မာ့အရေးကို မြန်မာကိုယ်တိုင် ဦးဆောင်ကိုင်တွယ်ဖြေရှင်းသွားဖို့ အိန္ဒိယက အားပေးတယ်လို့ မိုဒီရဲ့ ပြောကြားချက်ကို ကိုးကားပြီးတော့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်ရဲ့ အစီရင်ခံစာထဲမှာ ဒီရွေးကောက်ပွဲက မဲပေးသူ အလွန်နည်းပါးခဲ့ကြောင်း ထောက်ပြထားသလို ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖျက်သိမ်းခံရပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး လက်ရှိ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကလည်း အခုလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပတာက မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ကြိုတင်သတိပေးထားပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောကြားချက်အရ စစ်အုပ်စု ကျောထောက်နောက်ခံ အင်အားစုတွေက လွှတ်တော်ထဲ အများစု အနိုင်ရရှိထားကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013