
နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မသန်စွမ်း အမျိုးသားတယောက်ကို စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းကျောင်းကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက တပ်ကုန်းမြို့နယ်၊ ရွှေသင်ဖြူးရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ကိုအောင် (ခ) ကိုအောင်အောင်ကို ဇူလိုင် ၂၃ ရက်က အဓမ္မဖမ်းဆီးပြီးနောက် ဇူလိုင် ၂၄ ရက်မှာ စစ်မှုထမ်းသင်တန်းကျောင်းကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကိုအောင်အောင်က အကြားအာရုံ မသန်စွမ်းသူ (နားမကြား) တယောက်ပါ။ သူ့မိန်းမက ထိုင်းနိုင်ငံမှာ အလုပ်သမား သွားလုပ်နေတာ ကြာပြီ။ အသက် ၇ နှစ်အရွယ် သားလေးနဲ့ နှစ်ယောက်တည်း နေတာ။ သူ့နေအိမ်မှာ လာဖမ်းခေါ်သွားတာ” လို့ ပြောပါတယ်။
အကြားအာရုံမသန်စွမ်းသူ (နားမကြား) ဖြစ်တဲ့ ကိုအောင်အောင်ကို စစ်အာဏာရှင်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်စဉ် ငိုယိုနေတဲ့ အသက် ၇ နှစ်အရွယ် ကလေးကို အိမ်နီးချင်းအိမ်တအိမ်ကို ပို့ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “စစ်ဆေးဖို့ဆိုပြီး ဖမ်းခဲ့တာ။ ဖမ်းတာကတော့ အစကတည်းက စစ်မှုထမ်းအတွက် ဖမ်းတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ခိုင်မြဲအောင်ရဲ့ သတင်းပေးမှုနဲ့ ဖမ်းခေါ်သွားတာ” လို့ ပြောပါတယ်။
အဓမ္မ ဖမ်းဆီးခေါ်ခံရတဲ့ မသန်စွမ်း ကိုအောင်အောင် နဲ့ မိသားစုတွေ ဇူလိုင် ၂၉ ရက်အထိ အဆက်အသွယ်မရ ဖြစ်နေပြီး အသက် ၇ နှစ်အရွယ် ကိုအောင်အောင်ရဲ့သားငယ်ကို ဆွေမျိုးတွေက ခေါ်ယူထိန်းသိမ်း စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။
မသန်စွမ်း ကိုအောင်အောင်ဟာ ငွေကြေးပြည့်စုံတဲ့ တပ်ကုန်းမြို့ပေါ်က လူငယ်တယောက်အတွက် စစ်မှုထမ်း အစားထိုးခံရတာဖြစ်ပြီး နေပြည်တော်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးကတဆင့် စစ်မှုထမ်းသင်တန်းကျောင်းကို ပို့ခံရတာလို့ တပ်နဲ့နီးစပ်သူက ဆိုပါတယ်။










