
ပြိုင်ဘက်တပ်ဖွဲ့တွေကြား သွေးထွက်သံယို ထိပ်တိုက်တွေ့မှုကို ရှောင်ဖို့ရည်ရွယ်တဲ့ သဘောတူညီချက်အရ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ ဆုတ်ခွာသွားပြီးတဲ့နောက် ဇန်နဝါရီ ၁၇ ရက်မှာ ဆီးရီးယားအစိုးရတပ်တွေက နိုင်ငံမြောက်ပိုင်းက မြို့ရွာတွေ အမြောက်အမြားကို သိမ်းပိုက်ခဲ့ပါတယ်။
ဆီးရီးယားတပ်တွေဟာ ယူဖရေးတီးစ်မြစ်ရဲ့ အနောက်ဘက်မှာရှိတဲ့ ကျေးရွာအုပ်စုတခုမှာ ရက်ပေါင်းများစွာကြာအောင် စုဝေးခဲ့ကြပြီး အဲဒီနေရာမှာ တပ်စွဲထားတဲ့ ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေကို မြစ်ရဲ့တဖက်ကမ်းမှာ တပ်ပြန်ချထားဖို့ တောင်းဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၁၇ ရက်မှာတော့ တက်ဘ်ကာမြို့မှာ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) အဖွဲ့ဝင်တွေ တပ်စွဲထားတာကို မြင်ရပြီး SDF တပ်ဖွဲ့တွေဟာ နိုင်ငံအရှေ့ဘက်ဆီ ခြေလျင်ဆုတ်ခွာခဲ့ကြပါတယ်။
တချို့က ပဋိပက္ခဖြစ်နေတဲ့ တက်ဘ်ကာမြို့ရဲ့ မြစ်အောက်ဘက်မှာ ရှိနေဆဲပဲလို့ အဲဒီဒေသမှာရှိတဲ့ ရိုက်တာသတင်းထောက်တယောက်က ပြောပါတယ်။ ဆီးရီးယားစစ်တပ်က တက်ဘ်ကာမြို့ကို နောက်တကြိမ် သိမ်းပိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။
SDF တပ်ဖွဲ့တချို့ဟာ တက်ဘ်ကာမြို့မှာ ပြန်စုစည်းပြီး သူတို့ရဲ့တည်နေရာတချို့ကို ကာကွယ်ဖို့ အနောက်ဘက်ဆီ ပြန်ဦးတည်ခဲ့ကြတယ်လို့ ရိုက်တာ သတင်းထောက်က ပြောခဲ့ပါတယ်။
SDFနဲ့ ဆီးရီးယားစစ်တပ်တို့ဟာ ဆုတ်ခွာရေးသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲကြတာကြောင့် မြို့တချို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။
ညတွင်းချင်းမှာပဲ SDF ခေါင်းဆောင် မက်ဇွန်းမ် အက်ဘ်ဒီက သူ့တပ်ဖွဲ့တွေဟာ စေတနာကောင်းပြတဲ့အနေနဲ့ စနေမနက် အစောပိုင်းမှာ ယူဖရေးတီးစ်မြစ် အရှေ့ဘက်နယ်မြေဆီ ဆုတ်ခွာသွားမှာဖြစ်ပြီး မြစ်အနောက်ဘက်ကို ဆီးရီးယားအစိုးရတပ်ဖွဲ့တွေ၊ အရှေ့ဘက်မှာတော့ ကာ့ဒ်တပ်ဖွဲ့တွေအတွက် ရှေ့တန်းအဖြစ် ထားမယ်လို့ ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းမှာ ဆီးရီးယားတပ်ဖွဲ့တွေဟာ အဓိကမြို့ ဒီယာဟေ့ဖှာနဲ့ အနီး တဝိုက်က ရွာတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
ဒေသခံတချို့က မကြာသေးမီရက်တွေအတွင်း ဆီးရီးယားစစ်တပ်ကနေ တည်ဆောက်ထားတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာစင်္ကြံကတဆင့် ထွက်သွားခဲ့ပေမဲ့ ကျန်နေခဲ့တဲ့လူတွေက တပ်မတော် ရောက်လာတာကို ဂုဏ်ပြုခဲ့ကြပါတယ်။
Source: Reuters











