DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခလစာ စစ်တမ်းကို ၂ လအတွင်း အပြီးကောက်ရန် ဆုံးဖြတ်
DVB
·
December 19, 2014
အနိမ့်ဆုံးလုပ်ခလစာ စစ်တမ်းကို ၂ လအတွင်း အပြီးကောက်ရန် ဆုံးဖြတ်
Donate to DVB

မြန်မာနိုင်ငံမှာ အလုပ်သမား အနိမ့်ဆုံးလုပ်ခစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုကို နှစ်လအတွင်း အပြီးဆောင်ရွက်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ဆုံးဖြတ်လိုက်တယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီရဲ့ ပဉ္စမအကြိမ်အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဦးအေးမြင့်နဲ့အတူ ကော်မတီဝင်တွေ သဘောတူကြတာလို့ ကော်မတီရဲ့ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်က ပြောပါတယ်။

[caption id="attachment_74206" align="alignright" width="275"]လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုတွင်ရသည့် အထည်ချုပ် အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုတွင်ရသည့် အထည်ချုပ် အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)[/caption]

“စစ်တမ်းကို နှစ်လအတွင်း ပြီးအောင်ကောက်ပါဆိုပြီးတော့ ၀န်ကြီး ဦးအေးမြင့်က ပြောသွား တယ်။ နောက်ထပ်ပြောတာက စစ်တမ်းကောက်တာ ကောက်တဲ့ အပြင် ပြည်နယ်နဲ့တိုင်းမှာ ရှိတဲ့ အလုပ်သမားတွေ၊ အလုပ်ရှင်တွေကိုလည်း ပြည်နယ်နဲ့ တိုင်းဝန်ကြီးတွေ က တွေ့ဆုံပြီးတော့မှ နှုန်းထားတခု ရအောင် တောင်းပေးဖို့ပေါ့ဗျာ။ စစ်တမ်းကောက်တာလည်း အမျိုးသားကော်မတီကို တက်လာမယ်။ ပြည်နယ်နဲ့တိုင်းက တင်တဲ့ကိစ္စတွေလည်း တက်လာမယ်။ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူနိုင်တဲ့ နှုန်းထားမျိုးတွေလည်း တက်လာမယ်ပေါ့။ နောက်တခုက ကုန်ဈေးနှုန်းစစ်တမ်းတွေ အဖွဲ့အသီးသီးက လုပ်ထားတာရှိတယ်။ အဲဒီ သုံးဖွဲ့ကို ကြည့်ပြီးတော့မှ ကော်မတီက အနိမ့်ဆုံးလုပ်ခလစာနှုန်းထားတခုကို စဉ်းစားမယ်ပေါ့ဗျာ။ စစ်တမ်းကောက်မယ့် ၂ လအတွင်း ဆိုတာကတော့ မနက်ဖြန် (ဒီဇင်ဘာ ၁၉) က စပြီးရေတွက်မှာပေါ့” လို့ ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခလစာအတွက် နိုင်ငံတ၀န်း မြို့နယ် ၁၀၈ မြို့နယ်မှာ စစ်တမ်းကောက်ဖို့ လွန်ခဲ့တဲ့ ခြောက်လခန့်ကတည်းက ဆုံးဖြတ်ချက်ကျပြီးဖြစ်ပြီး အခု ဒီဇင်ဘာလမှာ ထုတ်ပြန်နိုင်ဖို့ လျာထားပေမယ့် ဘတ်ဂျက်နဲ့ပတ်သက်တဲ့အခက်အခဲကြောင့် စစ်တမ်းကောက်ယူနိုင်ခြင်းမရှိ ဖြစ်နေတာပါ။

ဒီကနေ့ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက ဘတ်ဂျက်ပြဿ  နာကို သူဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့တာကြောင့် အခြေအတင်မဆွေးနွေးဖြစ်တော့ဘဲ ပြေလည်သွားတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူရာမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရပိုင်းသာ မကဘဲ အရပ်ဘက် အဖွဲ့အစည်းတွေပါ ပါဝင်ဆောင်ရွက်ကြစေဖို့  ဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြတာကြောင့် ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက   လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရဝန်ကြီးဌာနတွေ တွေ့ဆုံပွဲမှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခသတ်မှတ်ချက် ထုတ်ပြန်ပေးမယ့်အချိန်ကို တာဝန်ရှိရှိလုပ်ဆောင်ကြဖို့ ဖိအားပေးပြောဆိုခဲ့ပါသေးတယ်။

ဒီကနေ့ ဆွေးနွေးရာမှာ အလုပ်ရှင်ကိုယ်စားလှယ် UMFCCI (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အနိမ့်ဆုံးလုပ်စာနဲ့ ပတ်သက်လို့ ဆွေးနွေးချက်ကို ဦးနော်အောင်က ခုလို ပြောပါတယ်။

“အလုပ်ရှင်ကိုယ်စားလှယ်ဘက်ကလည်း အနိမ့်ဆုံးလုပ်အားခကို အမြန်ဆုံးပေါ်ထွက်စေချင်တာပေါ့။ နိုင်ငံတကာမှာ စံနှုန်းတွေက အများကြီးရှိတယ်။ သတ်မှတ်မယ်ဆိုရင် အချက်အလက်တွေ စုံစုံလင်လင်လုပ်ဖို့ လိုတယ်လို့ ဆွေးနွေးတယ်။ ဒေါ်ခိုင်ခိုင်နွယ်ဆွေးနွေးတာ နောက်တခုက အနိမ့်ဆုံးလုပ်ခ လစာဆိုတာ  No Skill ကျွမ်းကျင်မှုလည်း မလိုဘူး၊ ဘာမှ သိစရာမလိုဘူး။ အဲဒီလူတွေကို ပေးတဲ့လစာဖြစ်တယ်ပေါ့ဗျာ၊ ဘယ်လိုလည်းဆိုတော့ အနိမ့်ဆုံးတခုကို သတ်မှတ်ပြီးတော့ ကျန်တဲ့ဟာက ကျွမ်းကျင်မှုအလိုက်ပေါ့ဗျာ၊ လုပ်ငန်းကဏ္ဍအလိုက် သပ်သပ်ထပ်ဆွေးနွေးပေါ့ဗျာ။ အဲဒါကို အသားပေးပြီး ဆွေးနွေးသွားတယ်။”

အလုပ်သမားကိုယ်စားလှယ်တဦးအနေနဲ့ သူ့ဆွေးနွေးချက်ကတော့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးကို အမြန်အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တင်ပြတာကတော့ ၂၀၁၅ မှာ အစိုးရ၀န်ထမ်းတွေ လစာတိုးဖို့ရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးဖို့ရှိတယ်၊ ခံစားခွင့်တိုးဖို့ရှိတယ်။ အဲဒီဟာကြီးမထွက်လာခင် ဒါကို အမြန်ဆုံးသတ်မှတ်ဖို့တော့ လိုအပ်တယ်လို့ ဆွေးနွေးခဲ့တယ်။ ပြီးတော့ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် စိမ်ခေါ်မှုအသစ်တရပ်လည်းဖြစ်တော့ အမျိုးသားကော်မတီမှာပါဝင်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေက ဒါကို တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ လုပ်သွားဖို့ လိုအပ်တယ်လို့ ကျနော် ဆွေးနွေးခဲ့ပါတယ်။”

စစ်တမ်း survey ကို မြို့နယ်ပေါင်း ၁၀၈ မြို့နယ်မှာ ကောက်ယူနိုင်ဖို့အတွက် မြို့နယ်အတော်များများမှာ ဖွဲ့စည်းထားရှိနေပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူမယ့်အဖွဲ့မှာ သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး အလုပ်သမားဝန်ကြီးဌာန၊ စာရင်းစစ်ရုံး၊ လူမှုဖူလုံရေးဌာန၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်မယ်လို့ ဦးဇော်နောင်က ရှင်းပြပါတယ်။

လက်ရှိမှာ နိုင်ငံတော်သမ္မတ ရဲ့ လစာဟာ သိန်းငါးဆယ်။ ဒုတိယသမ္မတတွေရဲ့ လစာငွေဟာ ကျပ်သိန်းလေးဆယ်ဖြစ်ပါတယ်။ ဒီနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တုန်းကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို လစာငွေ သုံးသိန်းအစား ၁၀ သိန်းခံစားဖို့ တိုးမြှင့်ခဲ့သလို တရက်စာနေ့တွက်ခကိုတော့ ကျပ် ၂ သောင်း ရရှိခံစားဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ၀င်ငွေနည်းပါးမှုကြောင့် မြန်မာပြည်သား သန်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်နေကြပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ  အနိမ့်ဆုံးတရက်လုပ်အားခအဖြစ် မြန်မာကျပ်ငွေ ကိုးထောင်ကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ သုံးရာသတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013