DVB Logo
Home
မြန်မာသတင်း
ဖရလမ်းဆောင်လမ်း ကရိန်းပြိုကျမှု ထိုင်း ၂ ဦး သေဆုံးပြီး မြန်မာအပါအဝင် ၅ ဦး ဒဏ်ရာရ 
DVB
·
January 16, 2026
ဖရလမ်းဆောင်လမ်း ကရိန်းပြိုကျမှု ထိုင်း ၂ ဦး သေဆုံးပြီး မြန်မာအပါအဝင် ၅ ဦး ဒဏ်ရာရ 
Donate to DVB

ထိုင်းနိုင်ငံ  ဘန်ကောက်အနီး စမွတ်စခွန်းခရိုင် ဖရလမ်းဆောင် (ရာမ - ၂) လမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၁၅ ရက် မနက် ၉ နာရီကျော်က ကရိန်းဝန်ချီစက်ပြုတ်ကျမှုဖြစ်ပွားတာကြောင့် ထိုင်း ၂ ယောက် သေဆုံးပြီး မြန်မာရွှေ့ပြောင်းလုပ်သားတယောက်အပါအဝင် ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့  ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  နိုင်း ဆုမ်ချိုင်း မော်ရကွတ် ဆီဝမ်းက ပြောပါတယ် ။ 

အမြန်လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဝန်ချီစက်ဟာ ကွန်ကရစ်တုံးတွေ သယ်ယူနေစဉ် ချို့ယွင်းချက်ဖြစ်ပြီး အောက်လမ်းပေါ်သွားလာနေတဲ့ ကား ၂ စီးပေါ်ပြုတ်ကျကာ သေဆုံးဒဏ်ရာ ရခဲ့ကြတာပါ။ 

သတင်းသိရတာနဲ့ ချက်ချင်းဘဲ အခြေအနေကို ကွင်းဆင်းစစ်ဆေးဖို့ စမွတ်စခွန်းအလုပ်သမားရုံးကို ညွှန်ကြားခဲ့တယ်။ စမွတ်စခွန်းအလုပ်သမားညွှန်မှုး နိုင်းဖုန်းဆဝပ် ဖုန်းတေချရဲ့ အစီ ရင်ခံချက်အရ သေဆုံးဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်။  ဆေးရုံကို သွားတွေ့ရာမှာ ဒဏ်ရာရသူထဲ MOU လက်မှတ်ကိုင်ဆောင်သူ မြန်မာ အလုပ်သမားတယောက် ပါဝင်တယ်၊ သူဟာ ICU အိုင်စီယူ အရေးပေါ်ခန်းထဲမှာ ဝင်ရောက် ကုသ နေရတယ်။ စစ်ဆေးချက်အရ သူဟာ ကန်ထရိုက်တာကုမ္ပဏီတခုရဲ့ အလုပ်သမားဖြစ်ပြီး လူမှုရေး အာမခံကြေးသွင်းထားတာကြောင့် ဆေးကုသစရိတ်နဲ့ အခြားရသင့်ရထိုက်သောခံစားမှုအပြည့်အဝ ရရှိဖို့  ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ နိုင်း ဆုမ်ချိုင်း မော်ရကွတ်ဆီဝမ်းက ပြောပါတယ်။ 

အလုပ်ရှင်၊ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခက်အခဲရှိပါက ဒါမှမဟုတ် အချက်အလက်တွေ စုံစမ်းလိုပါက အလုပ်သမားဝန်ကြီးဌာန အရေးပေါ်ဖုန်း ၁၅၀၆ လိုင်းခွဲ ၂ ကို ဆက်သွယ်နိုင်ကြောင်း အလုပ်သမားရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

အဆိုပါ ရာမ -၂ (ဖရလမ်းဆောင်) လမ်းပေါ် ဝန်ချီစက်ဟာ ဇန်နဝါရီ ၁၅ ရက် မနက် ၉ နာရီ ၁၅ မိနစ်လောက်က ပြုတ်ကျလာတာဖြစ်ပြီး အောက်မှာသွားလာနေတဲ့ နွားနို့ပို့ ဟိုင်းလပ်စ်ကားတစီး နဲ့ အိမ်စီးကားတစီးပေါ်ပြုတ်ကျခဲ့တယ်။ ကားပေါ်ကလူ ၂ ဦးသေဆုံးပြီး အနီးရှိ အလုပ်သမား တွေအပါအဝင် ၅ ယောက် ဒဏ်ရာရခဲ့တာပါ။ 

ဇန်နဝါရီ ၁၄ ရက် မနက်ကလည်း ထိုင်းအရှေ့မြောက်ပိုင်း ဆီခယူးမြို့နယ်ထဲမှာ ဆောက်လက်စရထားလမ်းစီမံကိန်းမှ ကရိန်းကြီးပြုတ်ကျလို့ အောက်မှာသွားနေတဲ့ ရထားမီးလောင်တိမ်းမှောက်ပြီး ခရီးသည် ၃၂ ယောက်၊ သေဆုံး ၆၀ ကျော် ဒဏ်ရာရခဲ့တယ်။ 

ထိခိုက်မှုဖြစ်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုလုံးမှာ အီတာလျံထိုင်းဒီဗလော့မဲင့်ထ် ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေတာဖြစ်ပြီး ဖြစ်စဉ်မှာ သေဆုံးဒဏ်ရာရသူတွေအတွက် လွန်စွာဝမ်းနည်းရကြောင်း၊ နစ်နာကြေးနဲ့ ဆေးကုသစရိတ်အလုံးစုံကို တာဝန်ယူသွားမယ့် အကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ အီတာလျံထိုင်းကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ် စစ်ကိုင်းငလျင်လှုပ်တဲ့ချိန်မှာ ပြိုကျသွားတဲ့ အထပ်ပေါင်း ၃၀ ရှိ ထိုင်းစာရင်းစစ်ချုပ်ရုံးသစ်ဆောက်လုပ်ရေးကိုလည်း တာဝန်ယူခဲ့တယ်။ အဆိုပါအမှုရင်ဆိုင်နေရဆဲ မပြီးပြတ်သေးချိန်မှာ နောက်ထပ် ခုလိုပြဿနာနဲ့ ထပ်ကြုံရတာဖြစ် ပါတယ်။ 

အခုလို မကြာခဏ ပြဿနာဖြစ်နေတဲ့ ကုမ္ပဏီဟာ ဘာကြောင့် ဒီနေ့ထိတိုင် ဆောက်လုပ်ခွင့်ကန်ထရိုက်တွေရနေသလဲလို့ သတင်းထောက်တွေက ထိုင်းဝန်ကြီးချုပ် အနုထင်းကို မေးခွန်းထုတ်ရာမှာ ဝန်ကြီးချုပ်က သူ့အနေနဲ့ ရာထူးတာဝန်ထမ်းဆောင်တာ လပိုင်းပဲရှိသေးတယ်၊ ဒီပြဿနာက မူဝါဒတွေအပေါ် မူတည်နေတယ်၊ မူဝါဒတွေ ပြင်ဆင်ရေးဆွဲရမယ်လို့ ထင်တယ်၊ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်သူတွေနဲ့ တွေ့ဆုံဆေးနွေးပြီး ကော်မတီတရပ် ဖွဲ့စည်းရ မယ်လို့ ဖြေကြားထားပါတယ်။ 

လောလောဆယ်တော့ အီတာလျံထိုင်းကုမ္ပဏီမှ စာချုပ်ထားတဲ့ ကန်ထရိုက်လုပ်ငန်းကြီး ၂ ခု ရပ်စဲခံထားရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source - Thairath / doe.go.th / CH7 HD News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013