DVB Logo
Home
နိုင်ငံရေး
လွှတ်တော်တွင် စစ်သားအမတ် ခန့်အပ်မှု သိသူနည်းပါး
DVB
·
December 18, 2014
လွှတ်တော်တွင် စစ်သားအမတ် ခန့်အပ်မှု သိသူနည်းပါး
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်အမတ် လေးပုံတပုံဟာ ရွေးကောက်ပွဲဝင်စရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်မှုနဲ့ တာဝန်ထမ်းဆောင်နေတာကို  မြန်မာပြည်သူ ၁၅ ရာခိုင်နှုန်းလောက်သာ သိကြတယ်လို့ စစ်တမ်းကောက်ယူခဲ့တဲ့  အာရှဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

ဒီလို တပ်ကနေရာယူထားတာကို သိသူနည်းပါးနေတာဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုကို အဓိက အခက်အခဲဖြစ်စေနိုင်တယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် အစီရင်ခံစာက ထောက်ပြပါတယ်။

အမေရိကန်အခြစိုက် အာရှဖောင်ဒေးရှင်းက “၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံသားများ၊ အသိပညာနှင့် တန်ဖိုးထားမှုများ အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပါတယ်။

parliment3ဒီအစီရင်ခံစာကို သြစတြေးလျနိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ ရန်ပုံငွေနဲ့ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ်စ်ကို အခြေစိုက် အာရှဖောင်ဒေးရှင်းက စစ်တမ်းကောက်ယူပြုစု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီဖောင်ဒေးရှင်းဟာ မေလနဲ့ဇွန်လအတွင်း နိုင်ငံတ၀န်း တိုင်းနဲ့ ပြည်နယ်အသီးသီးက အရွယ်ရောက်ပြီးသူ လူပေါင်း  ၃ ထောင်ကို မေးမြန်းစစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။

ဖြေဆိုသူ အများစု ၆၈ ရာခိုင်နှုန်းကတော့ လွှတ်တော်အမတ်နေရာတွေရဲ့ အချိုးအစားကို မသိရှိကြောင်း ဖြေဆိုကြပြီး ကျန် ၁၇ ရာခိုင်နှုန်းကတော့ တပ်မတော်သားအမတ်ဦးရေ လေးပုံတပုံ ရယူထားတာကို မှန်အောင် မဖြေဆိုနိုင်ကြဘူးလို့ ဆိုပါတယ်။

ဥပဒေကြမ်းတွေကို ဥပဒေအဖြစ် ပြဋ္ဌာန်းဖို့ တာဝန်ရှိအဖွဲ့အစည်းဟာ ပြည်ထောင်စုလွှတ်တော် ဖြစ်တယ်ဆိုတာကိုလည်း ဖြေကြားသူရဲ့ ၁၅ ရာခိုင်နှုန်းကသာ ခွဲခြားဖြေဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။

ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်တွေမှာ ဖြေဆိုသူအားလုံးရဲ့ ၄၉ ရာခိုင်နှုန်းက တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်အမတ်နေရာ ယူထားတာကို မသိကြပဲ၊ ၁၃ ရာခိုင်းနှုန်းက စစ်သားအမတ် မရှိဘူးလို့ ယူဆသလို ကျန် ၃၉  ရာခိုင်နှုန်းသာ သိကြတယ်လို့ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဖွင့်ထားပေမယ့် တပ်မတော်သား ကိုယ်စားလှယ် ထောက်ခံချက်မရှိရင် ပြင်ဆင်ဖို့ မဖြစ်နိုင်တဲ့အချက်ကို အစီရင်ခံစာက ထောက်ပြပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေ  ပြင်ဆင်လိုတဲ့အခါ တပ်မတော်သားကိုယ်စားလှယ်တဦးက အနည်းဆုံးထောက်ခံမှ  ပြင်ဆင်နိုင်မှာဖြစ်တာကြောင့် ဒီအကျပ်အတည်းဆိုက်ရောက်နေသလို ဒါကို ကျော်လွှားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ မကြားသေးခင်ကာလကတော့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် နှစ်ပွင့်အဖြစ်အဆိုပြုထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတဦးသိန်းစိန်တို့က ခြောက်ပွင့်ဆိုင်ကို လိုလားပုံမရှိတဲ့ပြောဆိုမှုတွေ တုန့်ပြန်ခဲ့ကြပါတယ်။

လူအများက တရားဥပဒေအရ တန်းတူအခွင့်အရေး ရှိသင့်တယ်ဆိုတဲ့ အခြေခံမူကို အခိုင်အမာသဘောတူကြပြီး နိုင်ငံရေးနဲ့ ဘာသာရေးကို သီးခြားခွဲထားသင့်တယ်လို့ သဘောတူကြပါတယ်။

ဖြေကြားသူအားလုံးရဲ့ သုံးပုံတပုံနီးပါးက နိုင်ငံသားတွေမှာ ကျား၊ မ၊ လူမျိုး သို့မဟုတ် ဘာသာရေးကွဲပြားမှုကို ပဓာန မထားဘဲ ဥပဒေအရ တန်းတူညီမှုရှိစေရမယ်ဆိုတဲ့ အခြေခံမူကို သဘောတူညီကြတယ်လို့ ဆိုပါတယ်။

ခေါင်းဆောင်တွေမှာ တရားမျှတမှုနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုကို အဓိကတန်ဖိုးများအဖြစ် ဖော်ပြကြပြီး ခေါင်းဆောင်တဦးရဲ့ အရည်အသွေးကိုတော့ ၅၄ ရာခိုင်နှုန်းက တရားမျှတမှု ၄၇ ရာခိုင်နှုန်းက သဘောထားကြီး စိတ်စေတနာကောင်းမှုနဲ့ ၄၆ ရာခိုင်နှုန်းက ရိုးသားမှုတွေကို ဖော်ပြသလို ၁၉ ရာခိုင်နှုန်းက ဘာသာရေးသက်ဝင်ယုံကြည်မှုလို့ စစ်တမ်းက ဖော်ပြပါတယ်။

ကျန်စစ်တမ်းကောက်ယူချက်တွေအရ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ ဗဟုသုတ အနည်းပါးဆုံးဖြစ်သလို အစိုးရဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်နဲ့ပတ်သက်တဲ့ဗဟုသုတနည်းပါးကြတယ်လို့ဆိုပါတယ်။

ဖြေကြားသူရဲ့ ၉ ရာခိုင်နှုန်းလောက်သာ နိုင်ငံရေးကို စိတ်ဝင်စားကြပေမယ့် ရွေးကောက်ပွဲမှာ မဲပေးလိုသူ ရာခိုင်နှုန်း ၉၀ ကျော်တယ်လို့ ဆိုပါတယ်။

ပြည်သူအများစုဟာ နိုင်ငံရေးအမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်တယ်လို့ ယူဆကြပေမယ့် ပြည်နယ်တွေမှာတော့ အချိုးအစားနည်းသွားတယ်လို့ ထောက်ပြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းပါးကြောင်းနဲ့ ဖြေဆိုသူရဲ့ ၅၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေဆဲလို့ ဖြေသလို ၃၄ ရာခိုင်နှုန်းက လက်နက်ကိုင်ပဋိပက္ခ မရှိဘူးလို့ ဖြေဆိုကြပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ သတိနဲ့မျှော်လင့်နေတယ်လို့ အများက ဖြေဆိုပြီး ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ နားလည်သဘောပေါက်မှု  အလွန်နည်းပါးသလို စစ်တမ်းဖြေဆိုသူ ၁၄ ရာခိုင်နှုန်းကသာ ဖက်ဒရယ်စနစ်ကို ကြားဖူးကြောင်းနဲ့ ကြားဖူးသူတွေရဲ့ တ၀က်နီးပါး ၄၅ ရာခိုင်နှုန်းက အဓိပ္ပယ်ကို မသိရှိပါလို့ ဖြေဆိုကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။

ပြည်သူလူထုရဲ့ ရှုမြင်သုံးသပ်ချက်အခန်းမှာတော့ ပြည်သူလူထုဟာ မြန်မာနိုင်ငံက ဦးတည်နေတဲ့လမ်းကြောင်းကို သတိနဲ့ယှဉ် အကောင်းမြင်ကြကြောင်းနဲ့ လူအများစုရဲ့ စီးပွားရေးအခြေအနေဟာ အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013