DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ရှောင်ရှိသည့်နေရာများ၌ မြေအရောင်းအဝယ်ဖြစ်ပြီး ဈေးအဆမတန်တက်
DVB
·
January 15, 2026
ကရင်နီ စစ်ရှောင်ရှိသည့်နေရာများ၌ မြေအရောင်းအဝယ်ဖြစ်ပြီး ဈေးအဆမတန်တက်
Donate to DVB

ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေ အများဆုံး ခိုလှုံနေတဲ့ နေရာတွေနဲ့ တော်လှန်ရေး အင်အားစု အားကောင်းတဲ့ နေရာတွေမှာ မြေအရောင်းအဝယ်တွေ ဖြစ်နေပြီး မြေဈေးတွေ အဆမတန် ထိုးတက်နေပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းနဲ့အညီ မြေယာစီမံခန့်ခွဲမှုကို ထိခိုက်လာနေပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ လွိုင်ကော် အပါအဝင် မြို့နယ် ၃ ခုက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေနဲ့ စစ်ဘေးရှောင်တွေ အများဆုံးခိုလှုံနေတဲ့ နေရာတွေမှာ မြေယာအရောင်းအဝယ်တွေ ဖြစ်နေပြီး မြေဈေး အဆမတန် ခုန်တက်နေတာပါ။

အရင်က သိန်းဆယ်ဂဏန်းပဲ ပေါက်ခဲ့တဲ့ မြေယာတွေဟာ အခု သိန်းထောင်ဂဏန်းအထိ ဈေးတက်လာတယ်လို့ ကရင်နီဌာနေတိုင်းရင်းသားတို့၏ မြေနဲ့ သဘာဝအရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန် ချဉ်းကပ်ခြင်း အစီရင်ခံစာ ပြုစုရာမှာ ပါဝင်ခဲ့တဲ့ ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက် (KEAN) က စောအယ်ဆေးက ပြောပါတယ်။

“ဧကအရတော့ အတိအကျတော့ ကျနော်တို့ မပြောနိုင်ဘူး။ ဒါပေမဲ့ သေချာတာကတော့ ကျနော်တို့ စစ်တမ်းရဲ့ သုံးမြို့နယ်မှာ အုပ်စုထဲမှာက တခုမလွတ်ဘူး။ နောက်တခု ဈေးနှုန်းက မူလက ငါးသိန်း ဆယ်သိန်းကနေ အခုက ရာချီ၊ တချို့နေရာတွေ ထောင်ချီပြီးတော့ကို ဈေးကွက်ဝင်နေတဲ့ ကိစ္စတွေက လက်ရှိ ကျနော်တို့ ကရင်နီရဲ့ အနောက်ခြမ်းမှာ ကျနော်တို့ မြို့နယ်သုံးမြို့နယ်မှာ ရှောင်လွှဲလို့မရတဲ့ တခုဖြစ်တယ်။”

အဲဒီလို မြေဈေးထိုးတက်နေတဲ့ နေရာတွေဟာ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတဲ့နေရာ မဟုတ်သလို စီမံကိန်းကြီးတွေရှိတဲ့ နေရာတွေလည်း မဟုတ်ပါဘူး။ ဒါဆို ဘာလို့ မြေအရောင်းအဝယ်တွေဖြစ်နေပြီး ဈေးတွေ တက်နေပါသလဲ။

အဲဒီဒေသတွေမှာ စစ်ရှောင်လာတဲ့သူတွေက ရေရှည်နေထိုင်နိုင်ဖို့ ဒေသခံတွေဆီက မြေနေရာ ဝယ်ကြသလို ငွေကြေးတောင့်တင်းတဲ့ ပြင်ပမှာနေထိုင်သူတွေကလည်း မြေဝယ်တာတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ရန်ပုံငွေခေါင်းစဉ်နဲ့ ရောင်းချတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီလိုတွေ ရောင်းဝယ်ရာမှာ ဝယ်လိုအားလည်း ရှိနေတဲ့အတွက် ဈေးပိုတင်ရာကနေ မြေဈေးတွေ မြင့်တက်လာတာလို့ ဒေသခံတယောက်က သုံးသပ်ပါတယ်။

ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က စောအယ်ဆေးကတော့ ကရင်နီပြည်က မြေယာပိုင်ဆိုင်သူတွေထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေပါ ပါဝင်နေပြီး စစ်တမ်းကောက်ယူဖို့တောင် ခက်တဲ့အနေအထား ကြုံတွေ့ခဲ့ရတယ်လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

“တချို့မြေတွေဆို ဒီဘက်တပ်ရင်းက ပိုင်တယ်၊ ရင်းမှူးပိုင်တယ်၊ မဟုတ်ရင်လည်း ခွဲမှူးက ပိုင်တယ်။ ဟိုဘက်က ခွဲမှူးပိုင်တယ်၊ ရင်းမှူးပိုင်တယ်။ ကျနော်တို့ ကရင်နီမှာကလည်း အခြေအနေအရပ်ရပ်က အဖွဲ့အစည်းက များတဲ့အချိန်မှာ ကျနော်တို့ မကောက်ရဲဘူး။ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်တွေက မကောက်ရဲဘူး။ နောက်တခုက တချို့ကိစ္စတွေက အပြင်ကလာဝယ်တာကို အုပ်ချုပ်ရေးမှူးတောင် မသိဘဲနဲ့ အရောင်းအဝယ်တွေ ဖြစ်နေတဲ့ ကိစ္စတွေ၊ ပြီးတော့ အဓိကအချက်ကတော့ သာမန်လူတွေ မဟုတ်ဘူးပေါ့။ မင်းဘာလဲ ငါဘာလဲ သေနတ်ရှိတယ်ဆိုတော့ ကျနော်တို့ ကောက်လို့မရဘူး။ ပြောလို့မရတာတွေ ရှိနေတယ်။”

အရင်က ကရင်နီပြည်မှာ မြေယာအရောင်းအဝယ်ကို ဓလေ့ထုံးတမ်းအရ ရပ်ရွာလူကြီးတွေကို အသိပေးပြီး လုပ်ကြပေမဲ့ လက်ရှိမှာတော့ အဲဒီဓလေ့ကို မလိုက်နာဘဲ ရောင်းဝယ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြေယာအငြင်းပွားတာတွေ ဖြစ်လာချိန်မှာ ရှင်းရခက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှာလည်း မြေနဲ့ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိသေးသလို ယန္တရားတွေလည်း မရှိသေးပါဘူး။

KEAN အဖွဲ့ရဲ့ မြေယာအစီအစဉ်ညှိနှိုင်းဆောင်ရွက်သူ ဖိုးဆွိက “ ဒီမှာ နောက်ဆက်တွဲ ပြဿနာက ဘာလဲဆိုတော့ ဒီလို မြေရောင်းလိုက်ခြင်းအားဖြင့် နောက်ပိုင်းမှာက မျိုးနွယ်စုတွေက ဘာတွေဖြစ်လာလဲဆိုတော့ ဟိုးအရင်က ငါ့ဘိုးဘွားပိုင်တဲ့မြေ ဆိုပြီးတော့ ချက်ချင်း ပြန်ပြီးတော့ လုကြတဲ့ ပြဿနာတွေလည်း ကျနော်တို့ လက်ရှိ တွေ့နေရတာပေါ့။ ပြီးတော့ နောက်တခုက မြေယာပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ယန္တရားတွေ မရှိဘူး။ နောက်ဆုံးပြောချင်တာက မြေနဲ့ပတ်သက်တဲ့ ယန္တရားတခု ဖြေရှင်းနိုင်ဖို့အတွက် ကျနော်တို့ ကရင်နီပြည်နယ် အစိုးရကနေလည်း ဌာနတခုဖြစ်ဖြစ် အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ မြင်တွေ့ရတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ အနေနဲ့ ကရင်နီပြည် မြေယာမူဝါဒနဲ့အညီ အကောင်အထည်ဖော်နိုင်ရေး လမ်းညွှန်ဖို့၊ ဆက်စပ်မူဝါဒတွေနဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ကို တည်ဆောက်ဖို့ အစီရင်ခံစာ ပြုစုရာမှာ ပါဝင်သူတွေက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အနေနဲ့လည်း မြေနဲ့ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းဖို့ မြေယာအုပ်ချုပ်စီမံတဲ့ ယန္တရားကို ရပ်ကျေးအဆင့်အထိ စနစ်တကျ တည်ထောင်ဖို့ စတာတွေကို တိုက်တွန်းလိုက်ပါတယ်။

မောရစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013