
ထိုင်းနိုင်ငံမှာ ဓာတ်ဆီဆိုင်နေရာ ၁၁ ခုကို ဗုံးခွဲ မီးရှို့တိုက်ခိုက်ခဲ့တဲ့ သံသယရှိသူ ၅ ယောက်ကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အမှုစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ ပြောကြားချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းတောင်ပိုင်း နယ်စပ်ခရိုင် ၃ ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ပိုင်းနယ်စပ်ခရိုင်များ စုံစမ်းစစ်ဆေးရေးဌာနခွဲ ဒုတိယအကြီးအကဲ ရဲမှူးကြီး ထက်ဖီချိုင်း ဂျန်ဝါရာနွန်းက ပြောကြားရာမှာတော့ သံသယရှိသူတွေထဲက ၃ ယောက်ဟာ ပတ်ဌာနီနဲ့ နာရာသီဝပ် ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု အများအပြားနဲ့ ပတ်သက်တဲ့ ရာဇဝင်ဟောင်းတွေ ရှိခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပတ်ဌာနီခရိုင် ကာဖိုးဒေသက ဆီဆိုင်ပိုင်ရှင်ကို ပစ်ခတ်ရာမှာ အပြစ်ကျူးလွန်သူတွေ အသုံးပြုခဲ့တဲ့ သေနတ် ၃ လက်ရဲ့ ကျည်ခွံတွေကို စစ်ဆေးကြည့်တဲ့အခါမှာ အဲဒီ လက်နက်တွေဟာ ပတ်ဌာနီခရိုင် ဆွိုင်ဘူရီနဲ့ မိုင်ကန်ဒေသတွေက လုံခြုံရေးအရာရှိတွေနဲ့ အရပ်သားတွေကို အရင်က ပစ်ခတ်တိုက်ခိုက်မှုတွေမှာရော၊ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အရပ်သားတယောက်ကို သတ်ဖြတ်မှုမှာပါ အသုံးပြုခဲ့တာကို တွေ့ရှိရပါတယ်။”
ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက သက်သေအထောက်အထားတွေ အတတ်နိုင်ဆုံး စေ့စေ့စပ်စပ် ရရှိစေဖို့ စုံစမ်းစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာပဲ ဇန်နဝါရီ ၁၃ ရက်မှာ ယာလက တယောက်နဲ့ နာရာသီဝပ် ချိုအိုင်ရောင်းက တယောက်၊ စုစုပေါင်း သံသယရှိသူ ၂ ယောက်ကို အမှတ် ၄၁ နဲ့ ၄၆ အထူးတပ်ရင်း စစ်ဆေးရေးစင်တာတွေဆီ ခေါ်ဆောင်ကာ စစ်မေးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းပြည်တွင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုဌာနချုပ် (ISOC) အမှတ် ၄ ရှေ့တန်းကွပ်ကဲမှုအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အက်ကဝါဆရစ် ချော့ဘ်ချူ ဖိုးလ် ကတော့ အဆိုပါအမှုကို လျင်မြန်စွာ ဖြေရှင်းနိုင်ရေးနဲ့ တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ အဖွဲ့အစည်းအနေနဲ့ ဆက်လက် သန္နိဋ္ဌာန်ချထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းပြည်သူတွေအနေနဲ့ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရှိပါက ISOC အမှတ် ၄ ဟော့လိုင်းဖုန်း ၁၃၄၁၊ ဒါမှမဟုတ် ဒေသတွင်း လုံခြုံရေးယူနစ်တွေဆီ အချိန်မရွေး အကြောင်းကြားပေးကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
ဇန်နဝါရီ ၁၁ ရက် မနက်စောစော ၁ နာရီနဲ့ ၁ နာရီခွဲလောက်ကြားမှာ တပြိုင်တည်းလိုလို ဖြစ်ပွားခဲ့တဲ့ ဒီဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များခဲ့သလို ပျက်စီးဆုံးရှုံးမှု အများဆုံးကတော့ နာရာသီဝပ်ခရိုင် ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ PTT ဓာတ်ဆီဆိုင်တွေချည်းသာ ဖောက်ခွဲခံရတာကြောင့် စီးပွားရေးပြိုင်ဆိုင်မှုကြောင့်လို့ ကနဦး ထိုင်းသတင်းတွေမှာ ခန့်မှန်းရေးသားကြပြီး ထိုင်းတောင်ပိုင်းမှာတော့ ခွဲထွက်ရေး အဖွဲ့တွေကလည်း မကြာခဏ ဗုံးဖောက်ခွဲမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
Ref: Bangkok Post











