DVB Logo
Home
နိုင်ငံတကာ
၇၅ နိုင်ငံမှ ရွှေ့ပြောင်းဗီဇာလုပ်ငန်းစဉ်များ အမေရိကန် ဆိုင်းငံ့
DVB
·
January 15, 2026
၇၅ နိုင်ငံမှ ရွှေ့ပြောင်းဗီဇာလုပ်ငန်းစဉ်များ အမေရိကန် ဆိုင်းငံ့
Donate to DVB

အမေရိကန်အစိုးရဟာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံက ရွှေ့ပြောင်းအခြေချမယ့်သူတွေအတွက် ဗီဇာလုပ်ငန်းစဉ်တွေကို ဇန်နဝါရီ ၂၁ ရက်ကစပြီး အချိန်အကန့်အသတ်မရှိ ယာယီဆိုင်းငံ့သွားမှာ ဖြစ်ပါတယ်။ 

အမေရိကန်ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ထောက်ပံ့ထားတဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို အလွဲသုံးစားလုပ်မယ့်သူတွေကို တားဆီးဖို့အတွက် အခုလို စီစဉ်ရတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက်မှာ ပြောကြားပါတယ်။ 

ဒီကန့်သတ်ချက်ဟာ အပြီးအပိုင် အခြေချနေထိုင်မယ့် Immigrant ဗီဇာတွေအတွက်သာဖြစ်ပြီး အလည်အပတ်နဲ့ စီးပွားရေးကိစ္စတွေအတွက် လာရောက်မယ့်သူတွေနဲ့တော့ မသက်ဆိုင်ပါဘူး။ 

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဦးဆောင်တဲ့ ဌာနအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်စိစစ်နေချိန်မှာ အခုလို ဗီဇာလုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ 

အခုထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ ဘရာဇီးလ်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေအပြင် လက်တင်အမေရိက၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေက နိုင်ငံအများအပြား ပါဝင်နေပါတယ်။ 

ဒီလုပ်ရပ်ဟာ အမေရိကန်သမိုင်းမှာ တရားဝင်ရွှေ့ပြောင်းနေထိုင်မှုကို အဆိုးရွားဆုံး ဆန့်ကျင်တဲ့ အစီအစဉ်ဖြစ်ပြီး လာမယ့်တနှစ်အတွင်း တရားဝင်ရွှေ့ပြောင်းမယ့်သူ ၃၁၅,၀၀၀ လောက်ကို ပိတ်ပင်လိုက်ရာ ရောက်တယ်လို့ ကေတိုအင်စတီကျု (Cato Institute) က သုံးသပ်ထားပါတယ်။ 

သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တစ်ကျော့ပြန် သမ္မတဖြစ်လာပြီးကတည်းက တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးဖို့ ကြိုးပမ်းနေသလို အခုအခါမှာတော့ တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်လာမယ့်သူတွေကိုပါ ကန့်သတ်လာတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလက အာဖဂန်နိုင်ငံသားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နောက်ပိုင်း အခုလို လုံခြုံရေးတင်းကျပ်မှုတွေနဲ့ ဗီဇာကန့်သတ်ချက်တွေ ဆက်တိုက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013